ကျိုင်းတုံဟော်နန်းကြီး  ဖြိုဖျက်ခံရခြင်း နှစ်(၃၀)ပြည့်

ကျိုင်းတုံဟော်နန်းကြီး  ဖြိုဖျက်ခံရခြင်း နှစ်(၃၀)ပြည့်
နိုဝင်ဘာ 9, 2021 | ဆောင်းပါး| ရှမ်းရှေ့

 သျှမ်းကျောင်းသားများသမဂ္ဂ - Tai Students' Union က ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့သည်  ကျိုင်းတုံဟော်နန်းကြီး ဖြိုဖျက်ခံရခြင်း နှစ်(၃၀)ပြည့်သည့်အတွက် အောက်မေ့ခြင်းအထိမ်းအမှတ်နှင့်အတူ ခေတ်လူငယ်များ ယခုဖြစ်စဉ်အား မမေ့မပျောက်ရန်အတွက် ဖော်ပြထားသည်ကို Tachileik News Agency က မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်သည်။

 



🔳 ကျိုင်းတုံဟော်နန်းကြီးဖြိုဖျက်ခံရခြင်းနှစ်(၃၀)ပြည့် နိုဝင်ဘာလ ၉ရက်၊ ၂၀၂၁ခုနှစ်🔳

🔳 ဒီနေ့ဟာဆိုရင် မသမာသူ စစ်ဘီလူးတို့၏ရက်စက်ယုတ်မာမှုကြောင့် သျှမ်းလူမျိုးတို့၏ တန်ဖိုးဖြတ်မရသောယဉ်ကျေးမှုအမွေအနှစ်ကြီးတစ်ခုဖြစ်တဲ့ ကျိုင်းတုံဟော်နန်းကြီးဖြိုဖျက်ခံရခြင်း နှစ်(၃၀) ပြည့်သောနေ့ဖြစ်သည်။ ကျိုင်းတုံဟော်နန်းကြီးသည် သျှမ်းစော်ဘွားတို့၏ဟော်နန်းများထဲတွင် အခန်းအနားဆုံးနှင့်အကြီးဆုံးဟော်နန်းဖြစ်သလို ဂုံသျှမ်းတို့ဌာနေ ခေမရဌ်တိုင်း ခေါ် ကျိုင်းတုံပြည်ကြီးသည်လည်း သျှမ်းစော်ဘွား(၃၃)နယ်ထဲတွင်အကြီးဆုံးနယ်တစ်ခုဖြစ်သည်။

🔳 လန့်နားသျှမ်းအင်ပါယာထဲမှာပါဝင်တဲ့ ကျိုင်းတုံပြည်၏သမိုင်းအဆက်ဆက်တွင် မြန်မာဘုရင်တို့၏ လက်အောက်ခံ (သို့) ဘဏ္ဍာဆက်တိုင်းပြည်မဖြစ်ခဲ့ပါ။မြန်မာဘုရင်တို့၏ဩဇာသက်ရောက်ခြင်းမရှိခဲ့တဲ့ ကျိုင်းတုံသည် မြန်မာဘုရင်တို့၏မဟာမိတ်အဖြစ်သာရှိခဲ့သည်။ ယိုးဒယားနှင့်တရုတ်ကျူးကျော်မှုကို နှိမ်နင်းရန် ကျိုင်းတုံကို မြန်မာဘုရင်တို့က စစ်ကူလွတ်ပေးခဲ့သလို မြန်မာမင်းများ ယိုးဒယားသို့ချီတက်သည့်အခါတွင် ဆင် (၁၀၀)၊ မြင်း (၁၀၀၀)၊ စစ်သည် (၁၀၀၀၀) ကူညီခဲ့သည်ဟုမှတ်တမ်းရှိခဲ့ကြောင်းသိရသည်။

🔳 အင်္ဂလိပ်ကိုလိုနီခေတ်တွင်လည်း ကျိုင်းတုံသည် ပဒေသရာဇ်သျှမ်းပြည်နယ်စု (Federated Shan State) အဖွဲ့ဝင်ဖြစ်ခဲ့သောကြောင့် မြန်မာပြည်မနှင့်ပူတွဲအုပ်ချုပ်မှုအောက်တွင်မရှိခဲ့ဘဲ သျှမ်းပြည်ကို ဗြိတိသျှဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် ကျိုင်းတုံစော်ဘွားသည် တခြားသျှမ်းစော်ဘွားများကဲ့သို့ ကျိုင်းတုံနယ်ကိုလွတ်လပ်စွာအုပ်ချုပ်ခွင့်ရခဲ့သည်။

🔳 1903 ခုနှစ်တွင် ကျိုင်းတုံပြည်၏ (၄၀)ပါးမြောက်စော်ဘွားဖြစ်တဲ့ စဝ်ကွဏ်းကျောက် အင်းတလဲန်း (Kawn Kiao Intaleng )သည် အိန္ဒိယသို့ ဒါပါ လို့ခေါ်တဲ့ အစည်းအဝေးကိုသွားတက်ရောက်စဉ် နယူးဒေလီရှိ အိန္ဒိယမဟာရာဂျာတို့၏ တပ်(ဒ်)မဟာနန်းတော်ကြီးကိုသဘောကျမိပြီး ကျိုင်းတုံကိုပြန်ရောက်သော် အိန္ဒိယဗိသုကာပညာရှင်များခေါ်ယူကာ 1905ခုနှစ် တွင်ကျိုင်းတုံဟော်နန်းသစ်ကြီးကိုစတင်တည်ဆောက်စေခဲ့သည်။

1962 ခုနှစ်တွင် ဦးနေဝင်းအာဏာသိမ်းပြီး စော်ဘွားမိသားစုများကို ဖမ်းဆီးကာ ကျိုင်းတုံနောက်ဆုံးစော်ဘွားဖြစ်တဲ့ စဝ်စိုင်းလုံကို ထောင်(၇)နှစ်နီးပါးချခဲ့သည်။ ထောင်မှလွတ်လာသောအခါတွင်လည်း ကျိုင်းတုံတွင်လာရောက်နေထိုင်ခွင့်မပြုခဲ့ပေ။

🔳 1991 ခုနှစ် နိုဝင်ဘာလ (9) ရက်နေ့တွင် စစ်အစိုးရက ကျိုင်းတုံဟော်နန်းကြီးကို ဟောင်းနွမ်းနေပြီ ဆိုသောအကြောင်းပြချက်ဖြင့် ရက်ရက်စက်စက်ဖြိုဖျက်ခဲ့သည်။ဟော်နန်းကြီး၏အုတ်အပိုင်းအစများကိုလည်း လမ်းခင်းခဲ့ပြီး သစ်လုံးများကို တံတားဆောက်တဲ့နေရာတွင်အသုံးပြုခဲ့သည်။တချိန်တည်းမှာပဲ စစ်အစိုးရသည် မန္တလေး၊ ပဲခူး စသည့်မြန်မာမင်းဆက်တို့၏ ယဉ်ကျေးမှုအမွေအနှစ် နန်းတော်များကိုပြုပြင်မွမ်းမံမှုပြုလုပ်ခဲ့သည်။

🔳 2015 ခုနှစ် NLD အစိုးရအာဏာမရခင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ကျိုင်းတုံသို့ရောက်ရှိစဉ်တွင် ဦးတင်ဦးက NLD သာအနိုင်ရရင် ဒီဟော်နန်းကို နဂိုပုံစံအတိုင်းပြန်ဆောက်ပေးမည်ဟုကတိပေးခဲ့သော်လည်း NLD အစိုးရလက်ထက်အတွင်း ဟော်နန်းနေရာပြန်လည်ရရှိအောင်ပြုလုပ်ပေးခြင်းမရှိခဲ့ပေ။ ယခု ဟော်နန်းနေရာကို Amazing Kengtong Resort အဖြစ် အစိုးရက နှစ်ရှည်ငှားပေးထားခဲ့သည်။