တာချီလိတ်မြို့တွင် တရုတ်အွန်လိုင်းလုပ်ငန်းနေရာ (၂)နေရာကနေ တရုတ်နိုင်ငံသား စုစုပေါင်း (၂၀၆)ဦး ဖမ်းမိ

တာချီလိတ်မြို့တွင် တရုတ်အွန်လိုင်းလုပ်ငန်းနေရာ (၂)နေရာကနေ တရုတ်နိုင်ငံသား စုစုပေါင်း (၂၀၆)ဦး ဖမ်းမိ

 နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရုတ်အွန်လိုင်းလုပ်ငန်း (၂)နေရာကို ဝင်ရောက်ဖမ်းဆီးမှုအတွင်း တရုတ်နိုင်ငံသား စုစုပေါင်း (၂၀၆)ဦးကို ကွန်ပျူတာ စက်ပစ္စည်းများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

၂၀၂၄ခုနှစ် မတ်လ(၆)ရက်နေ့က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် (၄)လမ်းအတွင်းရှိ စိမ်းလန်းတောတောင် ( စားသောက်ဆိုင်ဟောင်း )တွင်း စစ်တပ်နှင့်ရဲက ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသူ (၃)ဦး နှင့် တရုတ်နိုင်ငံသား (၆၁)ဦး စုစုပေါင်း (၆၄)ဦးကို ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

"စိမ်းလန်းတောတောင်ထဲ ဝင်ဖမ်းတုန်းက ခြံတံခါးကို ရိုက်ဖျက်ပြီး ဝင်ဖမ်းတာ။ တော်တော်များများလည်း အုတ်တံတိုင်းကျော်ပြီး ထွက်ပြေးသွားကြသလို တော်တော်များများလည်း ဖမ်းခံရတယ်။ အဲ့ဒီ အဆောက်အဦးထဲက ပစ္စည်းတွေကို (၆)ရက်နေ့ ညပိုင်းအထိ စစ်တပ်ကလား ရဲကလားမသိဘူး ပစ္စည်းတွေ ဝင်ဝင်သယ်နေတာတော့ တွေ့တယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ မတ်လ(၈)ရက်နေ့တွင် ပြောသည်။

စိမ်းလန်းတောတောင် ( စားသောက်ဆိုင်ဟောင်း )အတွင်း ဖမ်းဆီးရာတွင် ကွန်ပျူတာ (၂၅)လုံး၊ လက်ကိုင်ဖုန်း (၃၅)လုံးနှင့် ကား(၂)စီးတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသော်လည်း ယခုအရေအတွက်မှာ ဖမ်းဆီးရေးအဖွဲ့က လိုသလို တင်ပြထားသည့် အရေအတွက်သာဖြစ်ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

 မတ်လ(၆)ရက်နေ့၏ ညနေပိုင်းတွင်လည်း တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း(က)ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်အကြား လှေပေါ်ခေါက်ဆွဲဆိုင်အနီးရှိ (၅)ထပ်အဆောက်ဦးအတွင်း ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသူ (၃)ဦး နှင့် တရုတ်နိုင်ငံသား (၁၃၉)ဦး စုစုပေါင်း (၁၄၂)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

တရုတ်နိုင်ငံသား (၁၄၂)ဦးနှင့်အတူ ဖုန်း(၁၀၅)လုံး၊ ကွန်ပျူတာ (၅၂)လုံးတို့ကို သိမ်းဆည်းရမိသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ဖမ်းဆီးရမိလေ့ရှိသည့် လောင်းကစားလုပ်ငန်းနေရာများကနေ သိမ်းဆည်းရရှိသည့် ကား၊ ဆိုင်ကယ်၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းနှင့် မီးခံသေတ္တာ အပါအဝင် ရွှေငွေများ၏ အရေအတွက်မှာ ဖမ်းဆီးရေးအဖွဲ့အနေဖြင့် အထက်ဌာနသို့ အတိအကျ တင်ပြလေ့မရှိဘဲ အနည်းဆုံးသာ တင်ပြပြီး အများဆုံး ခိုးဝှက်ယူလေ့ရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များထံက သိရသည်။

မတ်လ(၆)ရက်နေ့၏ တစ်နေ့တည်းတွင် စိမ်းလန်းတောတောင် ( စားသောက်ဆိုင်ဟောင်း )အတွင်းမှာ တရုတ်နိုင်ငံသူ/သား (၆၄)ဦး နှင့်   လှေပေါ်ခေါက်ဆွဲဆိုင်အနီးရှိ (၅)ထပ်အဆောက်ဦးအတွင်းမှ (၁၄၂)ဦး စုစုပေါင်း (၂၀၆)ဦး ဖမ်းဆီးရမိပြီး ၎င်းတို့အား မိုင်းလားကနေတဆင့် တရုတ်အစိုးရထံ လွဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခုတလောကာလအတွင်း၌ လောင်းကစားလုပ်ငန်းများ ဖမ်းဆီးမှုနှင့် ပတ်သက်၍ စစ်တပ်က နှင့် ရဲတပ်ဖွဲ့အကြား အပေးအယူ မတည့်မှုများကြောင့် အချို့လောင်းကစားလုပ်ငန်းများမှာ ပိတ်လိုက် ဖွင့်လိုက် လုပ်နေရသည်ဟု ဒေသခံများထံက သိရသည်။