တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော်နှင့် ပတ်သက်ပြီး စစ်တပ်က ဖမ်းဆီး စစ်ဆေးထားသည့် ရဲများ  ပြန်လွှတ်လာသော်လည်း  စုံခုံဖွဲ့ပြီး ထပ်စစ်ဆေးခံရဦးမည်

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော်နှင့် ပတ်သက်ပြီး စစ်တပ်က ဖမ်းဆီး စစ်ဆေးထားသည့် ရဲများ  ပြန်လွှတ်လာသော်လည်း  စုံခုံဖွဲ့ပြီး ထပ်စစ်ဆေးခံရဦးမည်

 တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော် ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် အနည်းဆုံး (၁၀)ဦး အထက်ကို ဖမ်းဆီးခေါ်ဆောင်ကာ ထိပ်တုံးခတ် စစ်ဆေးပြီးနောက် မေလ(၃)ရက်နေ့က ပြန်လွှတ်ပေးလိုက်သော်လည်း လွတ်မြောက်လာသည့် ရဲများမှာ ရဲတရားရုံးဖြင့် ဆက်လက်စစ်ဆေးခံရန် ကျိုင်းတုံသို့ ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

"တပ်က ပြန်လွှတ်ပေးလိုက်တဲ့ ရဲ(၁၂)ဦး  ကျိုင်းတုံ ပြည်နယ်ရဲရုံးကို ထပ်ခေါ်သွားတယ်။ အဲဒီ ရဲတွေကို ရဲခုံရုံးနဲ့စစ်ဆေးမယ်လို့ သိရတယ်။ ရဲတွေရဲ့ အခြေအနေကတော့ ရာထူးတစ်ဆင့်ကျတာတွေ၊ နယ်ပြောင်းရတာတွေ နဲ့ ပြုတ်တာတွေ ဖြစ်နိုင်ချေများမယ်။"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

စစ်ဆေးခံရသူများတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး ဝေဖြိုးဦး အပါအဝင် တပ်ဖွဲ့ဝင်များ အပြင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲအုပ်မြင့်ထွေး နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုရဲမှူးသောင်းရွှေလည်း ပါဝင်သည်ဟု သိရသော်လည်း ၎င်းတို့ (၂)ဦးနှင့်ပတ်သက်၍ Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။ 

"စစ်တပ်က ရဲ တော်တော်များများကို ခေါ်စစ်တယ်။ ခဏလေးစစ်တာ မဟုတ်ဘူး ခေါ်ထားပြီးမှကို စစ်တာ။ ဘယ်အချိန်ကတည်းက အငြိုးနဲ့လည်းတော့မသိဘူး။ ထိပ်တုံးခတ်ပြီး စစ်တယ်။ နောက်ပြီး လူကုန်တားကို ပြောင်းသွားတဲ့ ဗိုလ်လုံ မြင့်ထွေးလည်း ခေါ်စစ်ခံရတယ်ကြားတယ်။ မူးယစ်က ဒုရဲမှူးသောင်းရွှေရောပဲ။ တော်တော်များများ စစ်ဆေးခံရတယ်။ တချို့လည်း ငွေနဲ့လိုက်လို့ သက်သာသွားတယ်လို့လည်း ကြားတယ်"ဟု အမည်မဖေါ်လိုသူတစ်ဦးကပြောသည်။

 

တာချီလိတ်မြို့ရှိ "၀"ပိုင် ဟုန်ပန်းကွင်းအတွင်း 𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿 𝗞𝗧𝗩 တွင် ၂၀၂၂ခုနှစ် ဧပြီလ (၂၃)ရက်နေ့ညပိုင်းက အချင်းများမှုနှင့်ဆက်စပ်ပြီး ရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်သည့် ဖေသက်ဟန်   အပါအဝင် (၁၀)ဦးကို နေအိမ်တွင် မူးယစ်ဆေး၊ လက်နက်အချို့နှင့်အတူ ဖမ်းဆီးရမိမှုနှင့် ဆက်စပ်ကာ လိုင်းကြေး(ဆက်ကြေး)ရယူမှုဟုဆိုကာ တာချီလိတ် ရဲတပ်ဖွဲ့ဝင်များ အပြင် တာချီလိတ်တွင် တာဝန်ထမ်းဆောင်ပြီး နေပြည်တော်သို့ ပြောင်းရွှေ့သွားသည့် ရဲတပ်ဖွဲ့ဝင်များကိုပါ အာဏာသိမ်းတပ်က ဖမ်းဆီးထိန်းသိမ်းပြီး ရက်အတော်ကြာ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးများနှင့်အတူ ဖမ်းဆီးခံရသူများမှ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သူ ဖေသက်ဟန်အား ကျိုင်းတုံမှ စရဖမှူးကိုယ်တိုင် စစ်ကြောရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖေသက်ဟန်၏ လက်ကိုင်ဖုန်းထဲက လိုင်းကြေးပေးရယူသူ၏ အမည်စာရင်းများကို တွေ့ရှိရာမှ ရဲများကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခံရခြင်း ဖြစ်ပြီး လိုင်းကြေးပေးရသည့်အမည်စာရင်းများထဲတွင် တာချီလိတ်တပ်နယ်မှ အရာရှိများ၏ အမည်များလည်း ပါဝင်ကြောင်း သိရသည်။

"ထုံးစံအတိုင်း ဒီအမှုကို ရဲက  ကိုင်ရင် စစ်တပ်က ဘယ်သူတွေ ပါတယ်ဆိုတာကို တိတိလင်းလင်း သိနိုင်မှာ။ စစ်တပ်က  သူတို့အတွက် ကာကွယ်တဲ့အနေနဲ့ လက်ဦးမှု ရယူပြီး စစ်တာဆိုတော့ တပ်က ဘယ်အရာရှိတွေ ပါတယ်ဆိုတာကိုတော့ မပေါက်ကြားအောင် အချင်းချင်း ညှိလိုက်ကြတဲ့ သဘောရှိတယ်"ဟု အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်ကဆိုသည်။

စိတ်ကြွရူးသွပ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ဖေသက်ဟန် အပါအဝင် မြန်မာ(၈)ဦး၊ ထိုင်းနိုင်ငံသား(၄)ဦး နှင့် တရုတ်နိုင်ငံသား(၁)ဦးတို့ကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုအပြင် လဝကအမှုဖြင့်ပါ အမှုဖွင့်ထားပြီး ဖေသက်ဟန်ကိုလည်း ထိုင်းနိုင်ငံသားနှင့် တရုတ်နိုင်ငံသားများအား လက်ခံထား၍ဟုဆိုကာ လဝကအက်ဥပဒေဖြင့်ပါ အမှုဖွင့်ထားကြောင်း သိရသည်။

 

ဆက်စပ်သတင်းများ