တာချီလိတ်တွင် မီးတိုင်များ၌ အင်တာနက်ကြိုးများသွယ်တန်းခွင့်အတွက် စည်းကမ်းချက်များ ထပ်တိုးမည်

တာချီလိတ်တွင် မီးတိုင်များ၌ အင်တာနက်ကြိုးများသွယ်တန်းခွင့်အတွက် စည်းကမ်းချက်များ ထပ်တိုးမည်
ဒီဇင်ဘာ 23, 2019
By 🌸

တာချီလိတ်တွင် မီးတိုင်များ၌ အင်တာနက်ကြိုးများသွယ်တန်းခွင့်အတွက် စည်းကမ်းချက်များ ထပ်တိုးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း မီးတိုင်များတွင် အင်တာနက်ကြိုးများ သွယ်တန်းထားရာမှ မီးလောင်မှုဖြစ်ပွားပြီးနောက် အင်တာနက်ကြိုးများ သွယ်တန်းထားမှုများကို စိစစ်ပြီး မလိုအပ်သည်များကို ဖြုတ်ချခြင်းအပြင် အင်တာနက်ကြိုးများ သွယ်တန်းခြင်းဆိုင်ရာ စည်းကမ်းချက်များ ထပ်တိုးဆောင်ရွက်သွားမည်ဟု သိရသည်။

 " စည်းကမ်းချက်တွေ ထပ်တိုးထားပါတယ်။ ဝိုင်ဖိုင်ကြိုးတွေထဲမှာ စတီးချောင်းတွေပါတဲ့ကိစ္စ၊ လောင်ကျွမ်းမှု ဖြစ်လာရင် ဘယ်ဘက်က ဘယ်လိုတာဝန်ယူ ဖြေရှင်းမလဲဆိုတဲ့ ကိစ္စလေးတွေ စတဲ့ (၄၊ ၅) ချက်မှတ်ထားပါတယ်" ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် အာခါဈေးအနီးတွင် ဒီဇင်ဘာ (၁၇) ရက်နေ့ နံနက်ပိုင်းက မီးတိုင်များတွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ အင်တာနက်ကုမ္ပဏီ (၁၀) ခုနှင့် တာချီလိတ်မြို့မီးလင်းရေးကော်မတီတို့ ဒီဇင်ဘာ (၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် မီးလင်းရေးကော်မတီရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

" အခုလက်ရှိ အကြမ်းဖျင်း သတ်မှတ်ထားတာကတော့ မီးကြိုးတွေကြားမှာရှိတဲ့ ဖိုင်ဘာကြိုးတွေက အန္တရာယ်ဖြစ်နိုင်တဲ့အတွက်ကြောင့် ဒါတွေကို ရှင်းလင်းဖို့၊ မီးလင်းရေးက သွယ်တန်းထားတဲ့ မီးကြိုးတွေရယ် ကျွန်တော်တို့ ဖိုင်ဘာကြိုးတွေရယ်က (၄) ပေကွာရမယ်။ သို့ပေမဲ့ မီးတိုင်ရဲ့အရွယ်အစားပေါ်မူတည်ပြီးတော့ (၂) ပေကွာရမယ်။ မီးကြိုးနဲ့ ဘရက်ကစ်တွေ မဆွဲဖို့ရယ်။ ကိုယ်ပိုင်ကြွေသီးတွေ၊ ဘရိုက်ကတ်တွေနဲ့ ဆွဲဖို့ရယ်။ လက်ရှိစည်းကမ်းချက် (၁၀) ချက်ကိုလိုက်နာဖို့နဲ့ ထပ်တိုးမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။ အဲဒီစာချုပ်တော့ မထွက်သေးဘူးပေါ့"ဟု Myanmar Network (IM-Net) မှ HR မန်နေဂျာ ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း စိုက်ထူထားသည့် မီးတိုင်များပေါ်တွင် အင်တာနက်ကုမ္ပဏီများမှ အင်တာနက်ကြိုးများ သွယ်တန်းနိုင်ရေးအတွက် တာချီလိတ်မြို့ရှိ မီးလင်းရေးကော်မတီများနှင့် အင်တာနက်ကုမ္ပဏီများကြား စည်းကမ်းချက် (၁၀) ချက်ပါသည့် သဘောတူစာချုပ်များ ချုပ်ဆိုလုပ်ကိုင်နေခဲ့ရာမှ မီးလောင်မှုဖြစ်စဉ်ကြောင့် စည်းကမ်းချက်အသစ်များ ထပ်မံဖြည့်စွက်ပြီး စာချုပ်သစ်ချုပ်ဆိုရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။     

မီးလင်းရေးကော်မတီများက မီးတိုင်များတွင် အင်တာနက်ကြိုးသွယ်တန်းခွင့်ကို မီးတိုင် (၁) တိုင်လျှင် (၅) ဘတ်နှုန်း၊ မြို့ပြင် (1KM) လျှင် ကျပ် (၂,၁၀၀) နှုန်းဖြင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်နေကြခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့အထိ စာချုပ်ထားသည့်ကုမ္ပဏီ (၉) ခုသာရှိသော်လည်း စာချုပ်မချုပ်ဘဲ သွယ်တန်းထားသည့် အင်တာနက်ကုမ္ပဏီများလည်းရှိနေကြောင်း သိရသည်။

Tachileik News Agency

သတင်း ဟန်စိုးထိုက်
ဓါတ်ပုံ ကျော်ဇင်ဟိန်း
⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱

ဆက္စပ္သတင္းမ်ား

တာချီလိတ်မြို့ အာခါဈေးမီးပွိုင့် အနီးရှိ ဓါတ်တိုင်တွင် အင်တာနက်လိုင်းကြိုးများ မီးလောင်၍ အာခါဈေးတစ်ဝိုက် လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားရ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~