အိန္ဒိယတွင် အပူဒဏ်ကြောင့် လူ (၂၅) ဦးအထက်မနည်း သေဆုံး

အိန္ဒိယတွင် အပူဒဏ်ကြောင့် လူ (၂၅) ဦးအထက်မနည်း သေဆုံး
By Mr John

 အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်တွင် မတ်လနှောင်းပိုင်းကစပြီး အပူချိန်အလွန်ပြင်းထန်ကာ အပူဒဏ်ကြောင့် သတိလစ်ရာမှ သေဆုံးသူ အနည်းဆုံး (၂၅) ဦးရှိခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ငါးနှစ်အတွင်း အမြင့်ဆုံး သေဆုံးမှု အရေအတွက်ဖြစ်ကြောင်း သိရသည်။

အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်အထက် မြင့်တက်နေရာ အိန္ဒိယနိုင်ငံ၏ အခြားနေရာများတွင်လည်း နောက်ထပ် သေဆုံးမှုများရှိနိုင်သည်ဟု ဆိုသည်။



ပြင်းထန်သည့်ည နွေရာသီကာလ စောစီးစွာကြုံတွေ့ရမှုက ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွယ်နေကြောင်း သိပ္ပံပညာရှင်တွေကပြောထားသည်။

အိန္ဒိယနှင့် အိမ်နီးချင်း ပါကစ္စတန် နိုင်ငံတို့တွင် အပူချိန်များ အလွန်အမင်းမြင့်တက်မှုကို ကြုံတွေ့နေကြရသည်။

အိန္ဒိယတွင် လာမည့် လအတွင်းမှသာ မုတ်သုံလေအေးတိုက်မှု ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် နိုင်ငံ၏ နေရာအချို့တွင် မကြာခဏ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ပိုမိုကြုံရနိုင်ကြောင်း သိရသည်။



အပူဒဏ်ကြောင့် မဟာရက်ရှ်ထရာပြည်နယ်အတွင်း ကျေးလက်ဒေသများတွင် သေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။

"အပူဒဏ်ကြောင့် သတိလစ် သေဆုံးမှုတွေ ဖြစ်တယ်လို့ သံသယရှိရပါတယ်" ဟု မဟာရက်ရှ်ထရာပြည်နယ် ကျန်းမာရေးအရာရှိ Pradeep Awate က Reuters သတင်းဌာနကို ပြောသည်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး ဂျုံထုတ်လုပ်သည့် နိုင်ငံဖြစ်သည့် အိန္ဒိယတွင် (၅)နှစ်ဆက်တိုက် ဂျုံထွက်ရှိမှု စံချိန်တင်ကောင်းခဲ့ရာမှ ယခုနှစ်တွင်မူ အပူဒဏ်ကြောင့် ဂျုံအထွက်နှုန်း လျော့နည်းနိုင်သည်ဟု ဆိုသည်။



အိန္ဒိယတွင် အပူချိန်များ မြင့်တက်နေမှုနှင့်အတူ ဓာတ်အားသုံးစွဲမှု တိုးမြင့်လာရာ ဓာတ်အားပေးကုမ္ပဏီများတွင် ကျောက်မီးသွေးပြတ်လပ်မှု ကြုံလာရပြီးနှင့် အစိုးရက ပြည်ပမှ ကျောက်မီးသွေးတင်သွင်းမှု စီစဥ်ပေးမည်ဟု ကုမ္ပဏီများကို ကတိပြုထားသည်။

ယခုနှစ် မတ်လသည် အိန္ဒိယ၏ ရာစုနှစ်တစ်ခုအတွင်း အပူဆုံး မတ်လအဖြစ် စံချိန်တင်ခဲ့ကြောင်းနှင့် နိုင်ငံတဝန်း အမြင့်ဆုံးအပူချိန် (၃၃.၁) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ရာ ပျမ်းမျှအပူချိန်ထက် (၁.၈၆) ဒီဂရီဆဲလ်စီးယပ် ပိုများခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောသည်။



အိန္ဒိယမြောက်ပိုင်း၊ အနောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ နေရာဒေသအများအပြားတွင် အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ခဲ့ကြောင်း သိရသည်။

အိန္ဒိယအရှေ့ပိုင်း Odisha ပြည်နယ်တွင် အသက် (၆၄) နှစ်အရွယ် အမျိုးသားတစ်ဦး ဧပြီ (၂၅) ရက်နေ့က အပူဒဏ်ကြောင့် သတိလစ်သေဆုံးခဲ့ပြီး အခြား လူဦးရေ ရာနှင့်ချီ ဆေးကုသမှုခံယူခဲ့ရသည်။

Odisha ပြည်နယ်၏ အပူဆုံးခရိုင်ဖြစ်သည့် Subarnapur တွင် မေလ (၃) ရက်နေ့က အပူချိန် (၄၃.၂) ဒီဂရီဆဲလ်စီးယပ်အဖြစ် မြင့်တက်ခဲ့သည်။ "အရမ်းပူတယ်၊ ပန်ကာ၊ လေအေးစက် ဘာမှာအလုပ်မဖြစ်ဘူး" ဟု Subarnapur ခရိုင်မှ ဒေသခံ Mohana Mahakur က ပြောခဲ့သည်။



Source: Reuters