မလေးရှားတွင် တောအုပ်အတွင်း ရဟတ်ယာဥ်ပျက်ကျသော်လည်း လိုက်ပါလာသူအားလုံး အသက်ရှင် 

မလေးရှားတွင် တောအုပ်အတွင်း ရဟတ်ယာဥ်ပျက်ကျသော်လည်း လိုက်ပါလာသူအားလုံး အသက်ရှင် 
အောက်တိုဘာ 27, 2022 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံ Pahang ပြည်နယ် Cameron Highlands ခရိုင်တွင် ကျန်းမာရေးအရာရှိများ လိုက်ပါလာသည့် ရဟတ်ယာဥ်တစ်စီး ပျက်ကျခဲ့သော်လည်း လိုက်ပါလာသူအားလုံး အသက်ရှင်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ ရဟတ်ယာဥ်က အောက်တိုဘာလ (၂၆) ရက် မွန်းလွဲပိုင်းတွင် Brinchang မြို့အနီးရှိ တောအုပ်တစ်ခုအတွင်း အရေးပေါ်ဆင်းသက်ရန် ကြိုးပမ်းစဥ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရဟတ်ယာဥ်ပျက်ကျသည့်နေရာကို ဒေသစံတော်ချိန် မွန်းလွဲ (၃) နာရီ (၅၀) မိနစ်တွင် တွေ့ရှိခဲ့သည်။ 

ပျက်ကျခဲ့သည့် ရဟတ်ယာဥ်ပေါ်တွင် ဆရာဝန်တစ်ဦးအပါအဝင် ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ လိုက်ပါလာခဲ့ပြီး ၎င်းတို့အားလုံး မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြသည်။

 ရဟတ်ယာဥ်မောင်းသူမှာ ဒဏ်ရာမရခဲ့ကြောင်း မီးသတ်ဌာနပြောခွင့်ရအမျိုးသားက ဆိုသည်။ 

ဒဏ်ရာရသူများအနက် တစ်ဦးမှာ ခြေထောက်ကျိုးခဲ့ကြောင်း သိရသည်။

Airbus AS 355 F2 အမျိုးအစား ရဟတ်ယာဥ်မှာ Cameron Highlands ခရိုင် Tanah Rata မြို့အနီး ပျက်ကျခဲ့ကြောင်း အောက်တိုဘာလ (၂၆) ရက် မွန်းလွဲ (၁) နာရီခွဲတွင် သတင်းရရှိခဲ့သည်ဟု မလေးရှားနိုင်ငံ မြို့ပြလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့  Civil Aviation Authority of Malaysia (CAAM) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"မလေးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ Air Accident Investigation Bureau က ဘေးကင်းလုံခြုံမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားပါမယ်" ဟု CAAM အမှုဆောင်အရာရှိချုပ် Chester Voo က ပြောသည်။ 

ပျက်ကျခဲ့သည့် ရဟတ်ယာဥ်ကို Layang Layang Aerospace ကုမ္ပဏီက ပိုင်ဆိုင်ကြောင်းနှင့် အောက်တိုဘာလ (၂၆) ရက် မွန်းလွဲ (၁၂) နာရီ (၂၀) မိနစ်တွင် Kelantan ပြည်နယ် Kampung Gawin မှ Perak ပြည်နယ် Tanjung Rambutan မြို့သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

Source: CNA

Photo: Photo: Facebook/Bomba & Penyelamat Negeri Pahang, Bernama pic,