ရှီကျင့်ဖျင်၏ COVID-19 ကန့်သတ်ချက်များကို ကန့်ကွက် ဆန္ဒပြသူများအား တရုတ်အာဏာပိုင်များ ရှာဖွေနေ

ရှီကျင့်ဖျင်၏ COVID-19 ကန့်သတ်ချက်များကို ကန့်ကွက် ဆန္ဒပြသူများအား တရုတ်အာဏာပိုင်များ ရှာဖွေနေ
နိုဝင်ဘာ 30, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

ရှီကျင့်ဖျင်၏ COVID-19 ကန့်သတ်ချက်များကို ကန့်ကွက်ဆန္ဒပြသူများအား တရုတ်အာဏာပိုင်များ ရှာဖွေနေ

တရုတ်နိုင်ငံတွင် သမ္မတ ရှီကျင့်ဖျင်၏ COVID-19 တိုက်ဖျက်ရေး တင်းကျပ်သည့် zero-COVID မူဝါဒ ကန့်သတ်ချက်များကို ကန့်ကွက်ဆန္ဒပြမှုများအား အာဏာပိုင်များက စတင်နှိပ်ကွပ်နေရာ ရဲတပ်ဖွဲ့က သီတင်းပတ်ကုန်ရက်များအတွင်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို စုံစမ်းရှာဖွေနေကြောင်း သိရသည်။ 

ဘေဂျင်းမြို့တွင်၎င်းတို့ မည်သည့်နေရာတွင် ရောက်ရှိနေကြောင်း သတင်းအချက်အလက်ပေးရန် ရဲတပ်ဖွဲ့က ဆက်သွယ်တောင်းဆိုခဲ့သည်ဟု လူအများအပြားက ပြောလာသည်။

ရဲတပ်ဖွဲ့က ဆန္ဒပြရာတွင် ပါဝင်ခဲ့မှုနှင့် ပတ်သက်၍ ၎င်းတို့ မေးမြန်းလို သူတို့ကို မည်သို့ ဖော်ထုတ်သိရှိခဲ့ကြောင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုသည်။ 

ထို့အတူ ထိုသို့သော လူဦးရေမည်မျှကို အာဏာပိုင်များက မေးမြန်းသွားရန် စီစဥ်ထားကြောင်းလည်း အတိအကျ မသိရသေးပေ။ 

ဘေဂျင်းရဲတပ်ဖွဲ့မှ ရဲအရာရှိများဖြစ်ကြောင်း မိတ်ဆက်ပြောဆိုလာသည့် ဖုန်းခေါ်ဆိုသူများက နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ရဲစခန်းသို့ သတင်းပို့ရန် ၎င်းတို့ကို ပြောခဲ့ကြောင်း ဆန္ဒပြသူ (၂) ဦးက Reuters သတင်းဌာနကို ပြောသည်။ 

နိုဝင်ဘာလ (၂၇) ရက်နေ့ ညပိုင်းက ၎င်းတို့၏ သွားလာလှုပ်ရှားမှုများကို ရေးသားထားသည့် အစီရင်ခံစာနှင့်အတူ ရဲစခန်းသို့လာရောက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ကျောင်းသားတစ်ဦးကလည်း ဆန္ဒပြမှုဖြစ်ပွားသည့် နေရာတွင်ရှိနေခဲ့ပါက ဖြစ်စဥ်ကို ရေးသားဖော်ပြရန် ၎င်းတို့၏ကောလိပ်က တောင်းဆိုခဲ့ကြောင်း ပြောသည်။ 

"ကျွန်တော်တို့အားလုံး အွန်လိုင်းမှာ ပြောထားတဲ့ မှတ်တမ်းတွေကို အသည်းအသန်း ဖျက်ပစ်နေရတယ်" ဟု ဘေဂျင်းဆန္ဒပြပွဲကို မျက်မြင်တွေ့ရှိခဲ့သူနှင့် ၎င်း၏အမည်ကို ထုတ်မပြောခဲ့သည့် နောက်တစ်ဦးက ဆိုသည်။

COVID-19 စည်းမျဥ်းကန့်သတ်ချက်များကို ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် တရုတ်အစိုးရတာဝန်ရှိသူများက အသက်ကြီးသူများကို ကာကွယ်ဆေးထိုးမှု အရှိန်မြှင့်လုပ်ဆောင်မည်ဟု ထပ်မံ ကတိပြုခဲ့သည်။ 

တရုတ်တွင် အသက်ကြီးသူများကို COVID-19 ကာကွယ်ဆေးထိုးမှုနှုန်းမှာ အခြား နိုင်ငံများနှင့် နှိုင်းယှဥ်ပါက နည်းပါးကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Xinjiang နယ်မြေ Urumqi မြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံတစ်ခုတွင် နိုဝင်ဘာလ (၂၄) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့မှုအတွင်း လူ (၁၀) ဦး သေဆုံးခဲ့ပြီးနောက် သမ္မတရှီကျင့်ဖျင်နှင့် တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ 

ထိုအဆောက်အအုံ မီးလောင်မှုတွင် lockdown စည်းမျဥ်းများကြောင့် ကယ်ဆယ်ရေးလုပ်ရန် နှောင့်နှေးကြန့်ကြာပြီး လူများ သေဆုံးခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောဆိုကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်က ရှီကျင့်ဖျင် အာဏာရခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်မကြီးတွင် ယခုကဲ့သို့ ပြည်သူလူထု ကန့်ကွက်ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာခြင်းမှာ မကြုံစဖူး အခြေအနေ ဖြစ်လာသည်။ 

တရုတ်နိုင်ငံတဝန်းရှိ တက္ကသိုလ်အများအပြားတွင်လည်း ကျောင်းသားများက သီတင်းပတ်ကုန်ရက်များအတွင်း စုရုံး‌ဆန္ဒပြခဲ့ကြသည်။ 

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး တင်းကျပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်နေသော်လည်း လတ်တလော ရက်များအတွင်း နေ့အလိုက် ကူးစက်မှုအရေအတွက် စံချိန်တင် မြင့်တက်နေသည်။

Source: BBC, Reuters