အိန္ဒိယတွင် လူဦးရေ သန်းနှင့်ချီ အပူလှိုင်းဒဏ် ကြုံနေကြရ

အိန္ဒိယတွင် လူဦးရေ သန်းနှင့်ချီ အပူလှိုင်းဒဏ် ကြုံနေကြရ
By Mr John

 အိန္ဒိယနိုင်ငံတွင် ပြင်းထန်သည့် အပူလှိုင်းကျရောက်မှုကို လူဦးရေ သန်းနှင့်ချီ ကြုံတွေ့နေရကြောင်း သိရသည်။

"နိုင်ငံမှာ အပူချိန်တွင် လျင်မြန်စွာ မြင့်တက်လာနေပါတယ်။ ပုံမှန်ထက် အများကြီးစောပြီး အပူချိန်တွေ မြင့်တက်လာတယ်" ဟု အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြည်နယ်ဝန်ကြီးချုပ်တွေကို ဧပြီ (၂၇) ရက်တွင် ပြောသည်။

အပူချိန်များ မြင့်တက်နေမှုကြောင့် မီးဘေးအန္တရာယ် ပိုရှိလာကြောင်းလည်း မိုဒီက သတိပေးခဲ့သည်။



နိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် ယခုသီတင်းပတ်အတွင်း အမြင့်ဆုံးအပူချိန်များ ၂-၄ ဒီဂရီဆဲလ်စီးယပ် တဖြည်းဖြည်း မြင့်တက်လာကြောင်း အိန္ဒိယမိုးလေဝသဌာန India Meteorological Department (IMD) က ခန့်မှန်းထားသလို အိန္ဒိယတွင် အပူလှိုင်းများ ပုံမှန်ဖြစ်ပေါ်လေ့ရှိပြီး အထူးသဖြင့် မေလနှင့် ဇွန်လအတွင်း ကြုံရသည်။

ယခုနှစ် နွေရာသီကာလ စတင်ချိန်စောခဲ့ပြီး မတ်လ၏ အပူချိန်များလည်း မြင့်တက်ခဲ့သလို မတ်လ၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ (၁၂၂) နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း နှင့်  အပူလှိုင်းများလည်း ထိုလအတွင်း စတင်ဖြစ်ပေါ်လာသည်ဟု ဆိုသည်။



ယခုနှစ်တွင် အပူလှိုင်းများ စောပြီးဖြစ်ပေါ်မှုကို အိန္ဒိယမြောက်ပိုင်းရှိ ဟီမာချယ်လ်ပြည်နယ် အပါအဝင် ပြည်နယ် (၁၅) ခန့်တွင် ကြုံတွေ့နေရသည်။

ဟီမာချယ်လ်ပြည်နယ်မှာ သင့်တင့်နှစ်လိုဖွယ် အပူချိန်ကြောင့် လူသိများသော ပြည်နယ်ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း အိန္ဒိယမြို့တော် ဒေလီမြို့တွင် အပူချိန် (၄၄) ဒီဂရီဆဲလ်စီယပ် ကျော်လွန်မည်ဟု ခန့်မှန်းထားသည်။

မျှော်လင့်မထားသည့် အပူချိန်မြင့်တက်မှုများက ၎င်းတို့၏ ဂျုံရိတ်သိမ်းမှုအပေါ် သက်ရောက်မှုရှိကြောင်း အိန္ဒိယလယ်သမားများက ပြောသည်။



အပူချိန်မြင့်တက်မှုကြောင့် ဓာတ်အားသုံးစွဲမှု တိုးလာရာမှ ပြည်နယ်အများအပြားတွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်စေပြီး ကျောက်မီးသွေးပြတ်လပ်မည်ကို စိုးရိမ်နေကြသည်။

နွေရာသီကာလတွင် အိန္ဒိယ၏ နေရာအများအပြား အထူးသဖြင့် မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် အလွန်ခက်ခဲသည့် အခြေအနေများကို အမြဲကြုံကြရသည်ဟု ဆိုသည်။



အိန္ဒိယတွင် လေအေးပေးစက်နှင့် ရေအေးစက်များ သန်းနှင့်ချီ မရောင်းချမီကပင် လူတွေက ၎င်းတို့၏ ကိုယ်ပိုင်နည်လမ်းများဖြင့် အပူဒဏ်ကို ရင်ဆိုင်နေခဲ့ကြသည်။

ရေကို အေးနေစေရန် မြေအိုးများထဲတွင် ထည့်ထားခြင်းကနေ အပူဒဏ်ကြောင့် သတိလစ်ခြင်းကဲ့သို့ ကျန်းမာရေးပြဿနာ မကြုံရစေရန် ခန္ဓာကိုယ်ကို သရက်သီးစိမ်းဖြင့် ပွတ်တိုက်ခြင်းအထိ နည်းလမ်းမျိုးစုံသုံးပြီး အပူဒဏ်ကို ရင်ဆိုင်ကြသည်ဟု ဆိုသည်။



ကျွမ်းကျင်သူ အများအပြား၏ အဆိုအရ ယခုအခါ အိန္ဒိယတွင် ပိုမိုပြင်းထန်ပြီး အချိန်လည်းပိုကြာသည့် မကြခဏ အပူလှိုင်းကျရောက်မှုများ ဖြစ်ပေါ်လာကြောင်း ပြောကြသည်။

လက်ရှိ အပူလှိုင်းမှာ လေထုဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာကြောင်း၊ သို့သော် အဓိက အကြောင်းရင်းမှာ ကမ္ဘာကြီးပူနွေးလာမှုဖြစ်ကြောင်း Institute of Tropical Meteorology မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် Roxy Mathew Koll က ပြောသည်။



 

Source: BBC

Photo: AFP via Getty Images,