ဂျပန်တွင် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည့် အင်အားပြင်းငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲငလျင် အကြိမ် (၅၀) ကျော် လှုပ်ခတ်

ဂျပန်တွင် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည့် အင်အားပြင်းငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲငလျင် အကြိမ် (၅၀) ကျော် လှုပ်ခတ်
By Mr John

 ဂျပန်နိုင်ငံတွင် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည့် အင်အားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်များ မေလ (၆) ရက်နေ့က ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ 

ဂျပန်နိုင်ငံ အလယ်ပိုင်း Ishikawa နယ်မြေတွင် ၂၀၂၃ခုနှစ် မေလ (၅) ရက်နေ့က ရစ်ချ်တာစကေး (၆.၅) အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးခဲ့ပြီး အစိုးရတာဝန်ရှိသူများက ထိခိုက်ပျက်စီးမှု အခြေအနေကို မေလ (၆) ရက်နေ့တွင် စစ်ဆေးခဲ့သည်။

မေလ (၆)ရက်နေ့ နံနက်ပိုင်းက နောက်ဆက်တွဲငလျင်များ အကြိမ် (၅၀) ကျော် လှုပ်ခတ်ခဲ့ပြီး အချို့မှာ ပြင်းထန်ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောသည်။ 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငလျင်လှုပ်သည့် ဧရိယာတွင် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးလေဝသဌာနက သတိပေးထားသည်။ 

မေလ (၅) ရက်က ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ (၂၉) ဦး ဒဏ်ရာရခဲ့ကြောင်း ဂျပန်နိုင်ငံ ဘေးအန္တယ်ရာယ်စီမံခန့်ခွဲမှုဌာနက မေလ (၆) ရက်နေ့တွင် ပြောသည်။

ငလျင်လှုပ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံများအတွင်း ပိတ်မိနေသူ (၂) ဦးကို ကယ်ထုတ်ခဲ့ကြောင်းနှင့် လူ (၅၀) ဦးဝန်းကျင်ကို စာသင်ကျောင်းများနှင့် မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားသည့် ရွှေ့ပြောင်းရေးစင်တာများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း Ishikawa စီရင်စု Suzu မြို့မှ အစိုးရအရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောခဲ့သည်။ 

ဂျပန်နိုင်ငံမှာ ပစိဖိတ်မီးကွင်း "Ring of Fire" နေရာတွင် တည်ရှိနေပြီး ငလျင်လှုပ်မှုများ ဖြစ်ပွားနေကျဖြစ်သည်။

 

ဂျပန်နိုင်ငံက အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်ရန် တင်းကျပ်သည့် ဆောက်လုပ်ရေး စည်းမျဥ်းများကို ချမှတ်ကျင့်သုံးနေပြီး အဓိက ငလျင်ကြီးအတွက် ကြိုတင်ပြင်ဆင်ရန် အရေးပေါ် လေ့ကျင့်မှုများကိုလည်း ပုံမှန် လုပ်ဆောင်လေ့ရှိသည်။ 

ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်တွင် ၂၀၁၁ ခုနှစ် မတ်လအတွင်းက ရစ်ချ်တာစကေး (၉.၀) အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်ခဲ့ပြီး လူ (၁၈,၅၀၀) ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

 Source: AFP, CNA

Photo: Kyodo News, AFP