နောက်ကျောနာကျင်မှု မသက်သာ၍ ခွဲစိပ်ဆရာဝန် အပါအဝင် (၄)ဦးကို သေနတ်ဖြင့် ပစ်သတ်

Photo: REUTERS/Michael Noble Jr
Photo: REUTERS/Michael Noble Jr
နောက်ကျောနာကျင်မှု မသက်သာ၍ ခွဲစိပ်ဆရာဝန် အပါအဝင် (၄)ဦးကို သေနတ်ဖြင့် ပစ်သတ်
By Mr John

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ ဆေးရုံဝင်းအတွင်း ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် ဇွန်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက ဝင်ရောက်ပစ်ခဲ့သည့် အမျိုးသားမှာ ၎င်းကို ခွဲစိတ်ကုသပေးခဲ့သော ဆရာဝန်ကိုသတ်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်တွေက ဇွန်လ (၂) ရက်နေ့တွင် ပြောသည်။

ဆရာဝန်က ခွဲစိတ်ကုသပေးခဲ့ပြီးနောက်ပိုင်း နောက်ကျောနာကျင်မှု ခံစားနေခဲ့ရသည်ဟု ထိုအမျိုးသားကို အပြစ်တင်ခဲ့ကြောင်း သိရသည်။

မိုက်ကယ်လူးဝစ် အမည်ရှိ အမျိုးသားက တူလ်ဆာမြို့ရှိ စိန့်ဖရန်စစ်ဆေးရုံဝင်းအတွင်း ဆီမီးအောက်တိုမက်တစ် သေနတ်တစ်လက်နှင့်အတူ ဝင်ရောက်လာခဲ့ပြီး ၎င်းနှင့်တွေ့သမျှ လူတွေကို ပစ်ခတ်ခဲ့ကြောင်း တူလ်ဆာမြို့ ရဲတပ်ဖွဲ့အကြီးအကဲ Wendell Franklin က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လူးဝစ် ပစ်ခတ်မှုကြောင့် ဆရာဝန်နှစ်ဦး၊ ဧည့်ကြိုတစ်ဦးနှင့် လူနာတစ်ဦးတို့ သေဆုံးခဲ့သလို လူးဝစ်မှာ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့သည်။

သေဆုံးခဲ့သည့် ဆရာဝန်နှစ်ဦးအနက် အရိုးအကြောခွဲစိတ်အထူးကု အသက် (၅၉) နှစ်အရွယ် ဒေါက်တာ Preston Phillips မှာ သေနတ်သမား လူးဝစ်ကို ခွဲစိတ်ကုသပေးခဲ့သည့် ဆရာဝန်လည်း ဖြစ်သည်။

နောက်ထပ်ဆရာဝန်တစ်ဦးမှာ အားကစားဆိုင်ရာအထူးကု အသက် (၄၈) နှစ်အရွယ် ဒေါက်တာ Stephanie Husen ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဧည့်ကြိုမှာ Amanda Glenn ဖြစ်ပြီး သေဆုံးခဲ့သည့် လူနာမှာ William Love ဆိုသူဖြစ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်သည်။

"သံသယရှိသူက ဒေါက်တာ Philips ကို သတ်ဖို့လာခဲ့တာဖြစ်ပြီး လမ်းမှာ သူနဲ့တွေ့သမျှ လူတွေကို ပစ်ခတ်ခဲ့တယ်။ သူတို့က သူဝင်လာတဲ့လမ်းမှာ ရပ်နေခဲ့ကြပြီး သူက ပစ်သတ်ခဲ့တာပါ" ဟု ရဲတပ်ဖွဲ့အကြီးအကဲ Wendell Franklin က ပြောသည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွင် ပစ်ခတ်ခဲ့သည့်‌ သေနတ်သမားမှာ တူလ်ဆာမြို့မှ မိုင် (၅၀) ခန့်အကွာ အိုကလာဟိုးမားပြည်နယ် Muskogee မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

၎င်းသည် စိန့်ဖရန်စစ်ဆေးရုံတွင် နောက်ကျောခွဲစိတ်ကုသမှုခံယူပြီးနောက် မေလ (၂၄) ရက်နေ့က ဆေးရုံဆင်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ဆေးရုံဆင်းပြီးနောက် အကြိမ်ကြိမ် ဖုန်းခေါ်ပြီး နောက်ကျောနာကျင်ကြောင်း ပြောဆိုနေခဲ့သည်ဟု ဆိုသည်။

သေနတ်သမားက ခွဲစိတ်ကုသခဲ့သည့် ဆရာဝန်ကို ပစ်သတ်ရန် ဇွန်လ (၁) ရက်နေ့ အစောပိုင်းက ရိုင်ဖယ်သေနတ်တစ်လက် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် သုံးရက်ကလည်း အပေါင်ဆိုင်တစ်ဆိုင်တွင် ပစ္စတိုသေနတ်တစ်လက်ကို ဝယ်ယူခဲ့သေးကြောင်း သိရသည်။

အမေရိကန်တွင် လတ်တလော သီတင်းပတ်များအတွင်း လူအစုအပြုံလိုက်ကို ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်ဒန်က ချေမှုန်းရေးလက်နက်များကို ပိတ်ပင်ရန်၊ သေနတ်ကိုင်ဆောင်သူတို့၏ နောက်ခံအကြောင်းအရာ စစ်ဆေးမှုတိုးမြှင့်ရန်နှင့် အခြား သေနတ်ထိန်းချုပ်ရေး အစီအမံများ အကောင်အထည်ဖော်ရန် ကွန်ဂရက်လွှတ်တော်သို့ ဇွန်လ (၂) ရက်နေ့တွင် တောင်းဆိုခဲ့သည်။

သမ္မတဂျိုးဘိုင်ဒန်က လွှတ်တော်သို့ ထိုသို့ တောင်းဆိုခဲ့သည့်နေ့မှာပင် အိုင်အိုဝါပြည်နယ်တွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခု၏ ကားရပ်နားနေရာ၌ အမျိုးသားတစ်ဦးက အမျိုးသမီး (၂) ဦးကို ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်အဆုံးစီရင်သွားသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

အိုင်အိုဝါပြည်နယ်ရှိ Ames မြို့ အရှေ့ဘက်ရှိ Cornerstone ခရစ်ယာန်ဘုရားကျောင်းအပြင်ဘက် ကားရပ်နားနေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Story ကောင်တီရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ Nicholas Lennie က ပြောသည်။

အမေရိကန်တွင် လတ်တလော သီတင်းပတ်များအတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့ရာ မေလ (၁၄) ရက်နေ့က နယူးယော့ခ်ပြည်နယ် လူမည်းရပ်ကွက်တစ်ခုရှိ စူပါမက်ကတ်တွင် အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက လူမျိုးရေးမုန်းတီးမှုအရ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့ပြီး ပစ်ခတ်သူကို ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် မေလ (၁၆) ရက်နေ့ကလည်း ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Laguna Woods မြို့ရှိ Geneva Presbyterian ခရစ်ယာန်ဘုရားကျောင်းတွင် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံနေစဥ် အသက် (၆၀) ကျော်အရွယ် သေနတ်သမားက ပစ်ခတ်မှုကြောင့် လူ (၁) ဦး သေဆုံးခဲ့ပြီး ၎င်းကို ဘုရားကျောင်းတက်လာသူတွေက ဝိုင်းဝန်းဖမ်းခဲ့သည်။

မေလ (၂၄) ရက် နံနက်ပိုင်းကလည်း တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် အသက် (၁၈) နှစ်အရွယ် သေနတ်သမားက စာသင်ခန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံံးခဲ့ပြီး သေနတ်သမားကို လုံခြုံရေးအရာရှိများက ပစ်သတ်ခဲ့သည်။

လူအများအပြားကို ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားမှုနှင့်အတူ အမေရိကန်တွင် သေနတ်ထိန်းချုပ်ရေးကိစ္စ အချေအတင် ဆွေးနွေးပြောဆိုမှုများလည်း မြင့်တက်နေကြောင်း သိရသည်။

Source: Reuters