COVID 19 သံသယရှိသူ မည်သူမဆို စစ်ဆေးမှုခံယူနိုင်ရန် တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်းတွင် Testing Corner ဖွင့်လှစ်ထား

COVID 19 သံသယရှိသူ မည်သူမဆို စစ်ဆေးမှုခံယူနိုင်ရန် တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်းတွင် Testing Corner ဖွင့်လှစ်ထား
ဇန်နဝါရီ 20, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် COVID 19 သံသယရှိသူမည်သူမဆို လာရောက် အစစ်ဆေးခံနိုင်မည့် Testing Corner ကို ပြည်နယ်အစိုးရအဖွဲ့၏ ရုံးအဟောင်းနေရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ကစ၍ ဖွင့်လှစ်လိုက်ထားပြီ ဖြစ်ကြောင်း သိရသည်။

ကုန်ကျစရိတ်ကတော့ ကျပ် (၁၀,၀၀၀) ကျပါမယ်။ ကျွန်တော်တို့ အရင်က (၁၅,၀၀၀) သတ်မှတ်မလို့ ဗဟိုက လက်မခံဘူး။ ခုလောလောဆယ်တော့ အထူးသဖြင့် ကိုယ့်ကိုကိုယ် သံသယရှိသူတွေ စစ်ဆေးနိုင်တာပေါ့။ ကျန်တာကတော့ တဖြေးဖြေးချင်း အခြေအနေပေါ်မူတည်ပြီးတော့ တစ်ဆင့်ချင်းတစ်ဆင့် ဆက်လုပ်သွားဖို့တော့ ရည်ရွယ်ထားပါတယ်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောင်ကြီးမြို့တွင် COVID 19 အတည်ပြုလူနာနှင့် ထိတွေ့သူများ၊ ရောဂါကူးစက်မှုများသည့် ဒေသများမှလာ၍ အသွားအလာကန့်သတ်ထားသူများ၊ ကုန်တင်ယာဉ်မောင်းများ၊ လေယာဉ်စီးမည့် ခရီးသည်များအား COVID 19 စစ်ဆေးခြင်းကို ကျန်းမာရေးဌာနက ဆောင်ရွက်ပေးနေသည့်အပြင် မိမိကိုယ်မိမိ သံသယရှိသူများ စစ်ဆေးနိုင်ရန်အတွက် နေရာတစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ testing corner တွင် စစ်ဆေးပေးရသည့်အခြေအနေကို သုံးသပ်ပြီး အခြားမြို့များတွင်လည်း ဆက်လက်ဆောင်ရွက်ဖွယ်ရှိကြောင်း သိရသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်