လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်၏ ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် သတင်းများမဖြန့်ရန် မြန်မာလုပ်သားများကို သတိပေး

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်၏ ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် သတင်းများမဖြန့်ရန် မြန်မာလုပ်သားများကို သတိပေး

လာအိုနိုင်ငံရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများက COVID 19 စစ်ဆေးမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့ ညပိုင်းက ဆန္ဒထုတ်ဖေါ်ကြသည်ကို လူမှုကွန်ယက်စာမျက်နှာ facebook တွင် live လွှင့်သည့် မြန်မာလုပ်သားအမျိုးသမီးကို အထူးဇုန်၏ ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ အထူးသတိပေးသည်ဟု ရေးသားထားသည်ကို ဩဂုတ်လ (၂၇) ရက်နေ့တွင် တွေ့ရသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်၏ facebook page တွင် မြန်မာလုပ်သားအမျိုးသမီး၏ facebook account ကိုဖေါ်ပြပြီး ယင်းကဲ့သို့ ထုတ်လွှင့်ခြင်းမှာ လူအများ၏အမြင်တွင် အထူးဇုန်နယ်မြေ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် အထူးဇုန်မှ တာဝန်ရှိသူများက သတိပေးတားမြစ်ထားပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့်လည်း ယင်းကဲ့သို့ ထုတ်လွှင့်ခြင်းများ မပြုလုပ်ရန် အထူးသတိပေးအကြောင်းကြားသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

ယမန်နေ့ညက အထူးစီးပွားရေးဇုန် တောင်ခြေတွင် COVID 19 စစ်ဆေးပြီး quarantine ပို့နေသည့် အစီအစဉ်ကို မြန်မာလုပ်သားများအနေဖြင့် လိုက်နာလုပ်ဆောင်လိုခြင်းမရှိတော့၍ နေရပ်ပြန်ပို့ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကို live လွှင့်ပြောဆိုသူအား အထူးစီးပွားရေးဇုန်က သတိပေးတားမြစ်ခြင်းလုပ်လာသည်ကို တွေ့ရခြင်းဖြစ်ပြီး ယခင်ကလည်း အထူးစီးပွားရေးဇုန်မှ မြန်မာလုပ်သားများအခြေအနေကို လူမှုကွန်ယက်တွင် ရေးသားသူများကို မြန်မာရွာကို အုပ်ချုပ်ရန် ကုမ္ပဏီက တာဝန်ပေးထားသူများက ရှာဖွေရိုက်နှက်ခြင်းလုပ်ဆောင်ခဲ့ဖူးကြောင်းလည်း သိရသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်ဘက်၌ အခက်အခဲဖြစ်၍ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများမှာ နေရပ်ပြန်ခွင့်ရရန် အလှည့်စောင့်ဆိုင်းနေကြရပြီး  နေရပ်ပြန်စာရင်းတွင်ပါဝင်ရန် စောင့်ဆိုင်းနေကြသူ အများအပြားရှိနေဆဲဖြစ်ကြောင်း သိရသည်။

လာနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ တုန့်ဖိန်းခရိုင်အတွင်းရှိ (၃) နိုင်ငံနယ်စပ်တွင် ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို ဟောင်ကောင်အခြေစိုက် တရုတ်ကုမ္ပဏီဖြစ်သည့် Kingsman Roman Company က လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး အဆိုပါဇုန်တွင်  မြန်မာရွှေ့ပြောင်းလုပ်သား သောင်းဂဏန်း ရောက်ရှိ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်ရှိ ကာစီနိုလုပ်ငန်း၊ ဆောက်လုပ်ရေးအပါအဝင် အခြားလုပ်ငန်းပေါင်းများစွာတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများမှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေကြရသူအများစု ဖြစ်ကြပြီး အခွင့်အရေးချိုးဖေါက်ခံရမှုများအား ဥပဒေအရ အကာအကွယ်ရရှိနိုင်ခြင်းမရှိဘဲ ဖြစ်နေကြခြင်းဖြစ်သည်။