အင်ဒိုဘောလုံးပွဲဖြစ်ရပ်တွင် သော့ခတ်ထားသည့် တံခါးများနှင့် မတ်စောက်သည့်လှေကားများက အကြောင်းရင်းဖြစ်နိုင်ဟု သမ္မတ ဂျိုကိုဝီ ပြော

အင်ဒိုဘောလုံးပွဲဖြစ်ရပ်တွင် သော့ခတ်ထားသည့် တံခါးများနှင့် မတ်စောက်သည့်လှေကားများက အကြောင်းရင်းဖြစ်နိုင်ဟု သမ္မတ ဂျိုကိုဝီ ပြော
အောက်တိုဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားနိုင်ငံတွင် ကလေး (၃၀) ကျော်အပါအဝင် အနည်းဆုံး လူ (၁၃၁) ဦး သေဆုံးခဲ့သည့် ဘောလုံးပွဲအတွင်း လူအုပ်စု လဲပြိုမှုဖြစ်ရပ်၌ တံခါးများကို သော့ခတ်ပိတ်ထားခြင်း၊ မတ်စောက်သည့် ပွဲကြည့်စင်လှေကားများနှင့် လူအုပ်စု ကြောက်လန့်တကြားဖြစ်ခြင်းတို့က အကြောင်းရင်းများ ဖြစ်နိုင်ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက အောက်တိုဘာလ (၅) ရက်နေ့တွင် ပြောသည်။

သမ္မတဂျိုကိုဝီက အဆိုပါ ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုး ဖြစ်ပွားခဲ့သည့် အရှေ့ဂျားဗားပြည်နယ် Malang မြို့ရှိ Kanjuruhan အားကစားကွင်းသို့ လာရောက်ကြည့်ရှုခဲ့သည်။ 

ထိုအားကစားကွင်းတွင် Arema FC က အိမ်ကွင်းပွဲစဥ်အဖြစ် ပြိုင်ဘက် Persebaya Surabaya အသင်းနှင့် အောက်တိုဘာလ (၁) ရက် ညပိုင်းက ယှဥ်ပြိုင်ကစားခဲ့သည်။

ထိုပွဲစဥ်တွင် အိမ်ရှင် Arema FC က (၃) ဂိုး (၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲသိမ်းခရာမှုတ်ချိန်တွင် ထောင်နှင့်ချီသည့် အိမ်ကွင်းပရိသတ်များက ကွင်းအတွင်း ပြေးဆင်းလာခဲ့ကြပြီး ရှုံးနိမ့်ခဲ့မှုအတွက် ဆူပူသောင်းကျန်းခဲ့ကြသည်။ 

ထိုအခြေအနေကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့နှင့် စစ်ဘက်အရာရှိများက မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ရာမှ အားကစားကွင်းအတွင်းရှိ လူအုပ်စုမှာ ကြောက်လန့်တကြားဖြစ်ပြီး ကွင်းအပြင် ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြစဥ် လူအများအပြား သေဆုံးခဲ့ရသည့် လူအုပ်စု လဲပြိုမှု ဖြစ်ပွားခဲ့သည်။

ထိုဘောလုံးပွဲစဥ်တွင် ရဲတပ်ဖွဲ့က လူအုပ်စုကို ထိန်းသိမ်းရန် မျက်ရည်ယိုဗုံး အသုံးပြုခြင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က သတ်မှတ်ထားသည့် လုံခြုံရေးလုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်နေကြောင်း နှင့် ဘောလုံးပွဲစဥ်များတွင် ပွဲထိန်းသိမ်းသူများ သို့မဟုတ် ရဲတပ်ဖွဲ့အနေဖြင့် လူစုလူဝေးထိန်းချုပ်ရေး မျက်ရည်ယိုဗုံးကဲ့သို့ ဓာတ်ငွေ့ကို ယူဆောင်မလာသင့်ကြောင်း သို့မဟုတ် အသုံးမပြုသင့်ကြောင်း FIFA က ပြောထားသည်။

အင်ဒိုနီးရှားအစိုးရက ယခုဖြစ်ရပ်အတွင်း လုံခြုံရေးကို မည်သို့ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်ကို အကဲဖြတ်ရန် အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။ 

အချက်အလက်ရှာဖွေရေးအဖွဲ့က လူအုပ်စု လဲပြိုမှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အခြေအနေများကို စစ်ဆေးသွားမည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ဆိုသည်။ 

အားကစားကွင်းသို့ လာရောက်ကြည့်ရှုခဲ့ပြီးနောက် သမ္မတဂျိုကိုဝီက ဘောလုံးပွဲဖြစ်ရပ်နှင့် ပတ်သက်၍ ၎င်း၏ ကိုယ်ပိုင်အမြင်ကို သတင်းထောက်များအား ပြောခဲ့သည်။ 

"ကျွန်တော့် အမြင်အရ သော့ခတ်ထားတဲ့ တံခါးတွေ၊ မတ်စောက်တဲ့ လှေကားတွေနဲ့ လူအုပ်စု ကြောက်လန့်တကြားဖြစ်မှုက ပြဿနာတွေဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဒါတွေက အားကစားကွင်းကို ရောက်ရှိခဲ့စဥ်မှာ ကျွန်တော် လေ့လာကြည့်မိသလောက်ပါ။ နောက်ပိုင်းမှာ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က အားလုံးကို ကောက်ချက်ချပါလိမ့်မယ်" ဟု ဂျိုကိုဝီက ဆိုသည်။ 

တစ်နိုင်ငံလုံးရှိ အားကစားကွင်းများကို တစ်လအတွင်း စစ်ဆေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်းလည်း သမ္မတဂျိုကိုဝီက ဆိုသည်။

Source: CNA