ကျောက်မဲမြို့တွင် ဇွန်လ(၃၀)ရက်နေ့ တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၁၇)ဦး ထပ်တိုး

ကျောက်မဲမြို့တွင် ဇွန်လ(၃၀)ရက်နေ့ တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၁၇)ဦး ထပ်တိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြိုအတွင်း  ဇွန်လ (၃၀)ရက်နေ့ တစ်ရက်တည်းတွင် Covid-19 လူနာအသစ် (၁၇)ဦး ထပ်တိုးတွေ့ရှိသည့်အတွက် (၁၁) ရက်အတွင်း Covid-19 ပိုးတွေ့သူစုစုပေါင်း (၅၈)ဦးရှိနေကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ယနေ့ ပိုးတွေ့သူများမှာ ရပ်ကွက်( ၉ )တိလင်ရပ်ရှိ ခရိုင်ထွေအုပ်ဝန်ထမ်းနှင့် ထိစပ်သူ(၃)ဦး၊ ဇောတိကုန်းကျေးရွာရှိ အနံ့ပျောက်သည့် ဈေးသည် (၁)ဦး၊ ကျောက်မဲကြီးကျေးရွာ မှ (၁)ဦး နှင့် အမှတ် ( ၂ )ရပ်ကွက် ရန်ကင်းရပ်ရှိ ပထမဆုံး ပိုးတွေ့သူနှင့် ထိတွေ့မှုရှိသည့်  ကားဘော်ဒီရုံမှ (၃)ဦး အပြင် နောက်ပိန်မှ (၉)ဦး စုစုပေါင်း (၁၇)ဦး တိုးလာခြင်း ဖြစ်သည်။

ဇွန်လ(၂၀) ရက်က စစ်တပ်မှ ပစ်ခတ်ဖမ်းဆီးပြီး ထောင်ဒဏ်တစ်လစီချခံရသူ နှစ်ဦးတွင် Covid-19 တွေ့ရှိခဲ့ခြင်းမှ ဆက်စပ်သူများအနက် ယနေ့တွင် (၃)ဦး၌ Covid-19 ရောဂါပိုး ထပ်တွေ့ခဲ့ခြင်းဖြစ်ပြီး  ရုံးတက်နေသော ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း အမျိုးသမီးတစ်ဦးတွင်လည်း ဇွန်လ(၂၈)ရက်နေ့က Covid-19 ပိုးတွေ့ပြီးနောက် ၎င်းနှင့် ဆက်စပ်သူများအနက် ပိုးတွေ့သူ စုစုပေါင်း (၁၃)ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင်လည်း ဇွန်လ(၂၈)ရက်နေ့က အနံ့ပျောက်နေသူတစ်ဦးမှ အစပြု၍ Covid-19 စစ်ဆေးမှုများပြုလုပ်ခဲ့စဉ် မိသားစု နှစ်စုမှ လူ(၁၄)ဦး၌ Covid-19ပိုးတွေ့ခဲ့ပြီး ဇွန်လ(၂၉)ရက်က (၈)ဦး၊ ယနေ့တွင် (၉)ဦး ထပ်တိုးခဲ့သည့်အတွက် စုစုပေါင်း (၃၁)ဦးရှိနေပြီဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တစ်ခုလုံးတွင် ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ Covid-19ပိုးတွေ့လူနာ (၁,၀၀၀)ကျော်ရှိနေပြီဖြစ်ပြီး လားရှိုး၊ တန့်ယန်း နှင့်် နမ့်လမ်တို့မှ ကိုဗစ်ပိုးတွေ့လူနာအချို့လဲ ကုသနေစဉ် သေဆုံးခဲ့ခြင်းများရှိထားကြောင်းလည်း သိရသည်။