လုံခြုံရေးကောင်စီက ဆောင်ရွက်ပေးရန် လိုအပ်သည့် လုံခြုံရေးက ဘယ်မှာလဲဟု ယူကရိန်းသမ္မတ မေးခွန်းထုတ်

လုံခြုံရေးကောင်စီက ဆောင်ရွက်ပေးရန် လိုအပ်သည့် လုံခြုံရေးက ဘယ်မှာလဲဟု ယူကရိန်းသမ္မတ မေးခွန်းထုတ်
By Mr John

 ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားသည်။

ရုရှားကြောင့် သေဆုံးဒဏ်ရာရသူများနှင့် ထိခိုက်ခံစားရသူများကိုယ်စား မိန့်ခွန်းပြောခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတက လုံခြုံရေးကောင်စီကို ဧပြီ (၅) ရက်နေ့က  ပြောခြင်းဖြစ်သည်။

ရုရှားတပ်ဖွဲ့တွေက အရပ်သားများကို သတ်ဖြတ်ပြီး အမျိုးသမီးများကို အဓမ္မပြုကျင့်ခဲ့ကြောင်း သမ္မတဇီလန်စကီးက ၎င်း၏ မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်။ အသတ်ခံထားရသည့် ယူကရိန်းအရပ်သား ရုပ်အလောင်းများ တွေ့ရှိခဲ့ရာ ကိဗ်မြို့တော်အနီးရှိ ဘူချာမြို့ကို သွားရောက်ခဲ့ပြီးနောက် ဇီလန်စကီးက ထိုသို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ရုရှားက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ယူကရိန်းသမ္မတက စွပ်စွဲထားသည်။ ဘူချာမြို့အပြင် ရုရှားစစ်တပ်က ယူကရိန်း၏ အခြားနေရာများတွင် ကျူးလွန်ခဲ့နိုင်သည့် နောက်ထပ် စစ်ရာဇဝတ်မှုများကို ကမ္ဘာက မြင်တွေ့ရဦးးမည်ဟုလည်း သမ္မတဇီလန်စကီးက ပြောသည်။



"နေရာဒေသ ကွဲပြားနိုင်ပေမဲ့ ရက်စက်ကြမ်းကြုတ်မှုက အတူတူပဲ။ ရာဇဝတ်မှုတွေက အတူတူပဲ ဖြစ်ပါတယ်။ တာဝန်ရှိမှုကို ရှောင်လွှဲလို့ မရပါဘူး" လို့ ၎င်းကဆိုသည်။

ဆက်လက်ပြီး "လုံခြုံရေးကောင်စီက ဆောင်ရွက်ပေးဖို့လိုတဲ့ လုံခြုံရေးက ဘယ်မှာလဲ?။ ငြိမ်းချမ်းရေးက ဘယ်မှာလဲ? ကုလသမဂ္ဂက အာမခံဖို့လိုတဲ့ အဲဒီအာမခံချက်တွေက ဘယ်မှာလဲ?" ဟုလည်း ယူကရိန်းသမ္မတ  ဇီလန်စကီးက  မေးခွန်းထုတ်ခဲ့သည်။

ထို့အပြင် ယူကရိန်းကို ရုရှားကျူးကျော်မှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂအနေဖြင့် ချက်ချင်း အရေးယူဆောင်ရွက်ရန် သို့မဟုတ်ပါက အဖွဲ့အစည်းကို ဖျက်သိမ်းလိုက်ရန် ၎င်းက ပြောဆိုလိုက်သည်။



ဘူချာမြို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက လွန်ခဲ့သည့် ၄၁ ရက်အတွင်း ရုရှား လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များစွာ၏ ဥပမာတစ်ခုမျှသာဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောသည်။

"ရုရှားစစ်တပ်က ကျုပ်တို့နိုင်ငံအတွက် အမှုထမ်းသူ မည်သူကိုမဆို လိုက်လံရှာဖွေခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခဲ့တယ်။ သူတို့က မိသားစုတစ်ခုလုံး၊ လူကြီးရော ကလေးပါမကျန် သတ်ပြီးတော့ အလောင်းတွေကို မီးရှို့ဖို့ကြိုးပမ်းခဲ့ကြတယ်" ဟု  ဇီလန်စကီးက ပြောသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုခဲ့သည့် ရုရှားတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများအနက် လည်ပင်းလှီးဖြတ်ထားခြင်း၊ ခြေလက်များဖြတ်ထားခြင်းနှင့် အမျိုးသမီးတွေကို ၎င်းတို့၏ ကလေးများရှေ့တွင် အဓမ္မပြုကျင့်ခြင်းတို့ ပါဝင်သည်။



ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်နေသည်မှလွဲပြီး ၎င်း၏လုပ်ရပ်များက အကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် ထူးမခြားနားဖြစ်ကြောင်းလည်း  ဇီလန်စကီးက ပြောဆိုခဲ့သည်။ ထို့အပြင် အရပ်သားများကိုသတ်ပြီး ရေတွင်းများထဲသို့ ပစ်ချခြင်းနှင့် လမ်းမအလယ်တွင် တင့်ကားဖြင့် တက်ကြိတ်ခြင်းတို့ကို ရုရှားတပ်ဖွဲ့တွေက ၎င်းတို့၏ ပျော်ရွှင်မှုအတွက် လုပ်ဆောင်ခဲ့ကြကြောင်း ယူကရိန်းသမ္မတက မိန့်ခွန်းအတွင်း ထည့်သွင်းပြောခဲ့သည်။



ရုရှားကို နိုင်ငံတကာခုံရုံးတွင် စစ်ဆေးရမည်ဟုလည်း သမ္မတဇီလန်စကီးက တောင်းဆိုလိုက်ပြီး ဘူချာမြို့မှ ထိတ်လန့်တုန်လှုပ်ဖွယ် အခြေအနေ မှတ်တမ်းဗီဒီယိုတစ်ခုကိုလည်း ပြသခဲ့သည်။ ဘူချာမြို့တွင် အသတ်ခံထားရသည့် အရပ်သား ရုပ်အလောင်းများ ထိတ်လန့်တုပ်လှုပ်ဖွယ် တွေ့ရှိလာရပြီးနောက် အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတာအသိုင်းအဝိုင်းက ရုရှားအပေါ် ဒေါသတကြီး ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာနေသည်။



ရုရှားအစိုးရကမူ ဘူချာမြို့မှာ အပါအဝင် အရပ်သားများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် စွပ်စွဲချက်အားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။

ဘူချာမြို့တွင်တွေ့ရသည့် သင်္ချိုင်းနေရာနှင့် ရုပ်အလောင်းများမှာ ရုရှားကို နာမည်ဖျက်ရန် ယူကရိန်းဘက်က ပြင်ဆင်ထားခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက တုံ့ပြန်ခဲ့သည်။ သို့သော် ဂြိုဟ်တုဓာတ်ပုံများအရ ဘူချာမြို့ကနေ ရုရှားတပ်ဖွဲ့တွေ ထွက်ခွာမသွားမီအချိန်ကတည်းက လမ်းမများပေါ်တွင် အရပ်သား ရုပ်အလောင်းများရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Source: BBC

 

ဆက်စပ်သတင်း

အရပ်သား သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် ခုံရုံးတင်စစ်ဆေးရန် ဂျိုးဘိုင်ဒန် ပြောဆို