အရပ်သား သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် ခုံရုံးတင်စစ်ဆေးရန် ဂျိုးဘိုင်ဒန် ပြောဆို

အရပ်သား သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် ခုံရုံးတင်စစ်ဆေးရန် ဂျိုးဘိုင်ဒန် ပြောဆို
By Mr John

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို စစ်ရာဇဝတ်မှုများအတွက် ဧပြီလ (၄) ရက်နေ့မှာ စွပ်စွဲလိုက်ပြီး ခုံရုံးတင်စစ်ဆေးရန် တောင်းဆိုလိုက်သည်။ 

ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး ယခုအခါ ပြန်ထွက်သွားပြီဖြစ်သည့် ယူကရိန်းမြောက်ပိုင်း ဘူချာမြို့တွင် အရပ်သားများ သတ်ဖြတ်ခံထားရမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါသတကြီး တုံ့ပြန်မှုတွေရှိနေစဥ် ဂျိုးဘိုင်ဒန်က ထိုသို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

"ဘူချာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ မြင်ခဲ့ပါတယ်။ ဒါက သူဟာ စစ်ရာဇဝတ်ကောင်ဖြစ်တယ်ဆိုတာ အကြောင်းခိုင်လုံစေတယ်" ဟု သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောခဲ့သည်။ 

ရုရှားစစ်သားများ၏ တပ်ဖြတ်မှုကို ခံခဲ့ရသည့် ယူကရိန်းပြည်သူ အလောင်း

 

ယူကရိန်းမြို့တော် ကိဗ်မြို့မှ (၂၅) မိုင်ခန့်အကွာရှိ ဘူချာမြို့ကနေ ရုရှားတပ်ဖွဲ့များ ပြန်ထွက်ခွာသွားခဲ့ပြီးနောက် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းနေရာတစ်ခုနှင့် ကြိုးတုပ်ပစ်သတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ကြရသည်။

ဘူချာမြို့ဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂက ရုရှားအပေါ် နောက်ထပ်အရေးယူပိတ်ဆို့မှုများ သတ်မှတ်ဆောင်ရွက်လာနိုင်ကြောင်း သိရသည်။ 

"ကျွန်တော်တို့ သတင်းအချက်အလက်တွေ စုဆောင်းနေပါတယ်။ ဆက်လက်တိုက်ခိုက်ဖို့ သူတို့ လိုအပ်တဲ့လက်နက်တွေ ယူကရိန်းကို ကျနော်တို့ ဆက်ပြီးထောက်ပံ့သွားရမှာပါ။ ပြီးရင် အသေးစိတ် အချက်အလက်အားလုံး ကျွန်တော်တို့ သိရမှာဖြစ်ပြီး စစ်ရာဇဝတ်မှု ရုံးတင်စစ်ဆေးတာက အမှန်တကယ် ဖြစ်လာနိုင်ပါတယ်" ဟု အမေရိကန်သမ္မတက ပြောခဲ့သည်။

"ပူတင်က လူမဆန်ဘူး။ ဘူချာမှာဖြစ်ခဲ့တာက ဒေါသထွက်စရာဖြစ်ပြီး ဒါကို အားလုံး မြင်ကြတယ်" ဟုလည်း ဂျိုးဘိုင်ဒန်က ဆိုသည်။

ထိုအတောအတွင်း အမေရိကန်အနေနှင့် ရုရှားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားရန် ဆောင်ရွက်သွားမည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးက ကြေညာကြောင်းလည်း သိရသည်။ 

ရုရှားအစိုးရကမူ ဘူချာမြို့အပါအဝင် ယူကရိန်းနိုင်ငံအတွင်း အရပ်သားများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် စွပ်စွဲချက်အားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။ 

ဘူချာမြို့တွင်တွေ့ရသည့် သင်္ချိုင်းနေရာနှင့် ရုပ်အလောင်းများမှာ ရုရှားကို နာမည်ဖျက်ရန် ယူကရိန်းဘက်က ပြင်ဆင်ထားခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက တုံ့ပြန်ခဲ့သည်။

ဘူချာမြို့ကို ဧပြီလ (၄) ရက်နေ့တွင် ယူကရိန်းသမ္မတ Volodymyr Zelenskiy ရောက်ရှိခဲ့စဥ်အတွင်း သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ ထိုသတ်ဖြတ်မှုများကို "လူမျိုးတုံးသတ်ဖြတ်မှု" အဖြစ် ကို သုံးနှုန်းပြောဆိုခဲ့သည်။

ဘူချာမြို့တွင် ရုရှားတပ်ဖွဲ့များက အရပ်သားတွေကို ရက်စက်ကြမ်းကြုတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် သီးခြား အတည်မပြုနိုင်ကြောင်း အမေရိကန်ကာကွယ်ရေးဌာန တာဝန်ရှိသူတွေက ပြောကြားထားသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၄) ရက်ကလည်း ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ဂျိုးဘိုင်ဒန်က ပူတင်ကို စစ်ရာဇဝတ်ကောင်ဟု သုံးနှုန်းပြောဆိုခဲ့သည်။

ထိုသို့ သုံးနှုန်းပြောဆိုမှုက အမေရိကန်-ရုရှား ဆက်ဆံရေးကို ပိုမိုဆိုးရွားစေကြောင်း ရုရှားအစိုးရက ပြောသည်။

အမေရိကန် ဆီးနိတ်လွှတ်တော်ကလည်း ရုရှားသမ္မတပူတင်ကို စစ်ရာဇဝတ်ကောင်ဟု ပြီးခဲ့သည့်လအတွင်း အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်တစ်ရပ်တွင် သုံးနှုန်းထားကြောင်း သိရသည်။

 

Source: Reuters

 

ဆက်စပ်သတင်း

ရုရှားတပ်တွေ ပြန်ထွက်သွားသည့် ယူကရိန်းမြို့တစ်မြို့မှာ အရပ်သား ရုပ်အလောင်းများ ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိရ