တရုတ်တွင် စစ်တပ် အာဏာသိမ်းကြောင်း ကောလာဟလများ ထွက်ပေါ်နေစဥ် ဘေဂျင်းမြို့၏ အခြေအနေ ပုံမှန်အတိုင်းဟု ရုရှားအစိုးရ သတင်းကဆို

တရုတ်တွင် စစ်တပ် အာဏာသိမ်းကြောင်း ကောလာဟလများ ထွက်ပေါ်နေစဥ် ဘေဂျင်းမြို့၏ အခြေအနေ ပုံမှန်အတိုင်းဟု ရုရှားအစိုးရ သတင်းကဆို
စက်တင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံတွင် စစ်တပ်က သမ္မတရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး အာဏာသိမ်းလိုက်ကြောင်း အတည်မပြုနိုင်သော ကောလာဟလ သတင်းများထွက်ပေါ်နေစဥ် ဘေဂျင်းမြို့တော်၌ မြင်သာထင်ရှားသည့် လုံခြုံရေးချထားခြင်း မတွေ့ရကြောင်း ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနက စက်တင်ဘာလ (၂၄) ရက် ညပိုင်းတွင် သတင်းဖော်ပြသည်။

ယခုသီတင်းပတ်အတွင်း ထွက်ပေါ်လာသည့် အတည်မပြုနိုင်သော သတင်းများအရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army (PLA) က ယခုသီတင်းပတ်အတွင်း အာဏာသိမ်းရန် စီစဥ်နေသည်ဟု ဆိုသည်။ 

လာမည့် အောက်တိုဘာလ (၁) ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်မှု နှစ်ပတ်လည်နေ့ဖြစ်ရာ ထို့နေ့မှစပြီး တစ်ပတ်အကြာကာလကို Golden Week ခေါ် အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။

ဘေဂျင်းမြို့တော်တွင် တင်းမာမှုလက္ခဏာများ မတွေ့ရကြောင်း Sputnik သတင်းထောက်က ဆိုသည်။ 

အထင်ကရ နေရာတစ်ခုဖြစ်သည့် တိန်အန်မင်ရင်ပြင် (Tiananmen Square) အပါအဝင် ဘေဂျင်း၏ နေရာတိုင်းတွင် လူအများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီး မြို့ကို အဝင်အထွက် လုပ်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။

အားလပ်ရက် သီတင်းပတ်မတိုင်မီ လက်မှတ်ဈေးနှုန်းများ မြင့်တက်နေသော်လည်း လေယာဥ်နှင့်ရထား လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်သည်ဟု ဆိုသည်။

 ဘေဂျင်းတွင် အင်တာနက် သို့မဟုတ် ဆိုရှယ်မီဒီယာ (တရုတ်ဆိုရှယ်မီဒီယာ) ဖြတ်တောက်ပိတ်ပင်ခြင်းနှင့် ရုပ်မြင်သံကြားအစီအစဥ်များ ပြောင်းလဲထုတ်လွှင့်ခြင်းမရှိကြောင်းလည်း Sputnik သတင်းက ဖော်ပြသည်။

ဘေဂျင်းလေဆိပ်တွင် ရာနှင့်ချီသည့် လေကြောင်းခရီးစဥ်များကို လျှော့ချထားသော်လည်း လေကြောင်းခရီးစဥ်များ နှောင့်နှေးခြင်းနှင့် ဖျက်သိမ်းခြင်းတို့မှာ COVID-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံတွင် လနှင့်ချီကြာ ကြုံတွေ့နေရသည့် ပြဿနာတစ်ခုဖြစ်ကြောင်း Sputnik က ပြောသည်။ 

တရုတ်မီဒီယာများက ထိုကောလာဟလများကို အတည်မပြုသေးသော်လည်း တရုတ်စစ်တပ်က သမ္မတရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းလိုက်ကြောင်း တရုတ်လူမျိုးများက Twitter တွင် ရေးသားနေကြသည်။

တရုတ်တရားရုံးတစ်ရုံးက လုံခြုံရေးပိုင်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပြီး နောက်တစ်ရက်ဖြစ်သည့် စက်တင်ဘာလ (၂၄) ရက်တွင် ယခုသတင်းများ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ထိုလုပ်ရပ်မှာ ရှီကျင့်ဖျင်က ၎င်းကိုယှဥ်ပြိုင်လာသည့် နိုင်ငံရေးအုပ်စုမျာကို ဖြိုခွင်းမှုအဖြစ် ရှုမြင်နေကြသည်။

Source: Sputnik