ဂျပန်နိုင်ငံက ပြည်ပနိုင်ငံများကို စစ်ဘက်ဆိုင်ရာ အကူအညီများ စတင် ပေးအပ်သွားမည်

Japan Self-Defense Forces (JSDF) များ [ Photo: AP ]
Japan Self-Defense Forces (JSDF) များ [ Photo: AP ]
ဂျပန်နိုင်ငံက ပြည်ပနိုင်ငံများကို စစ်ဘက်ဆိုင်ရာ အကူအညီများ စတင် ပေးအပ်သွားမည်
By Mr John

ဂျပန်နိုင်ငံက သဘောထားရပ်တည်ချက်ချင်း တူညီသော နိုင်ငံများကို စစ်ဘက်ဆိုင်ရာ အကူအညီများ စတင်ပေးအပ်သွားမည်ဟု သိရသည်။ 

ကြီးထွားလာနေသည့် ဒေသတွင်း ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် ဂျပန်က ကာကွယ်ရေးမဟာဗျူဟာချမှတ် ပြင်ဆင်နေရာ ပြည်ပနိုင်ငံများကို စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာ အကူအညီများ ပေးအပ်သွားမည့် အစီအစဥ်လည်း ပါဝင်နေသည်။

ဂျပန်က ပြည်ပနိုင်ငံများကို စစ်ဘက်ဆိုင်ရာ အကူအညီပေးမည့် အစီအစဥ်အရ ကနဦး ရွေးချယ်ထားသည့် နိုင်ငံ (၄) ခုမှာ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖီဂျီနိုင်ငံတို့ ဖြစ်သည်။ 

ထိုနိုင်ငံများကို ပေးအပ်သွားမည့် စစ်ဘက်ဆိုင်ရာ အကူအညီမှာ ဂျပန်နိုင်ငံအတွက် ကောင်းမွန်သော လုံခြုံရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန် ရည်ရွယ်ထားကြောင်း ဂျပန်အစိုးရက ၂၀၂၃ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် ပြောသည်။

ယခု အကူအညီပေးရေး အစီအစဥ်အသစ်က ဂျပန်နိုင်ငံက ပေးအပ်ခဲ့သည့် အခြား အကူအညီပုံစံများနှင့်မတူဘဲ သီးခြားခွဲထွက်ပြီး သဘောထားရပ်တည်ချက်ချင်း တူညီသော နိုင်ငံများ၏ လုံခြုံရေးနှင့် ကာကွယ်ရေးစွမ်းရည် မြှင့်တင်ပေးရန် အထူး ရည်ရွယ်ထားကြောင်း ဂျပန်အစိုးရက ဆိုသည်။ 

တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် စိန်ခေါ်မှုမှာ အကြီးမားဆုံးဖြစ်နေကြောင်း ဂျပန်က ပြောထားပြီး ၂၀၂၇ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင်းကုန်ထုတ်လုပ်မှု (GDP) ၏ (၂) ရာခိုင်နှုန်းသို့ တိုးမြှင့်သွားမည်ဟု ကတိပြုထားသည်။

စစ်ပြီးကာလ ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဂျပန်စစ်တပ်ကို ကာကွယ်ရေးစီမံဆောင်ရွက်မှုနှင့် ပစ္စည်းကိရိယာများ တပ်ဆင်မှုတွင် ကန့်သတ်ထားဆဲဖြစ်ပြီး ယခု မူဘောင်အသစ်အရလည်း မည်သည့် နိုင်ငံတကာပဋိပက္ခနှင့်မဆို တိုက်ရိုက် ဆက်နွယ်မှုမရှိသော ဧရိယာများကိုသာ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ အကူအညီပေးရန် ကန့်သတ်သွားမည်ဟု သိရသည်။



Source: Reuters, Kyodo News