ရုရှားတပ်တွေ ပြန်ထွက်သွားသည့် ယူကရိန်းမြို့တစ်မြို့မှာ အရပ်သား ရုပ်အလောင်းများ ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိရ

ရုရှားစစ်သားများ၏ တပ်ဖြတ်မှုကို ခံခဲ့ရသည့် ယူကရိန်းပြည်သူ အလောင်း
ရုရှားစစ်သားများ၏ တပ်ဖြတ်မှုကို ခံခဲ့ရသည့် ယူကရိန်းပြည်သူ အလောင်း
ရုရှားတပ်တွေ ပြန်ထွက်သွားသည့် ယူကရိန်းမြို့တစ်မြို့မှာ အရပ်သား ရုပ်အလောင်းများ ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိရ
By Mr John

ရုရှားတပ်တွေ ပြန်ထွက်သွားသည့် ယူကရိန်းမြို့တစ်မြို့မှာ အရပ်သား ရုပ်အလောင်းများ ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိရ



ရုရှားတပ်ဖွဲ့တွေထံကနေ ပြန်လည်ရယူခဲ့သည့် ယူကရိန်းမြောက်ပိုင်း နယ်မြေများအတွင်း ကြိုးတုပ်ပြီး အနီးကပ်ပစ်သတ်ခံထားရသော ရုပ်အလောင်းများနှင့် အစုလိုက်အပြုံလိုက် မြှုုပ်နှံထားသည့် သင်္ချိုင်းနေရာတစ်ခု အပါအဝင် အရပ်သားတွေကို သတ်ဖြတ်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါသထွက် တုံ့ပြန်ပြောဆိုနေကြသည်။

 REUTERS/Gleb Garanich

ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်းမှာ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဥ် ရုရှားတပ်ဖွဲ့တွေ ထွက်ခွာသွားသည့် မြောက်ပိုင်းနယ်မြေများကို ယူကရိန်းတပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။



ယူကရိန်းမြို့တော် ကိဗ်မြို့မှ (၂၅) မိုင်ခန့်အကွာရှိ ဘူချာမြို့၏ ဒုတိယမြို့တော်ဝန် Taras Shapravskyi ၏ ပြောကြားမှုအရ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းအတွင်း ထိုမြို့ကနေ ရုရှားတပ်ဖွဲ့တွေ ပြန်ထွက်ခွာသွားပြီးနောက် ရုပ်အလောင်း (၃၀၀)ခန့်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

 REUTERS/Gleb Garanich

ထိုရုပ်အလောင်းများအနက် (၅၀)ကို ရုရှားစစ်သားတွေက တရားလက်လွတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ဘူချာမြို့မှာ သေဆုံးသူအရေအတွက်နှင့် သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူတွေကို သီးခြားအတည်မပြုနိုင်သေးသော်လည်း ထိုမြို့၏ လမ်းဘေးတစ်နေရာမှာ လက်နောက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို တွေ့ခဲ့ရကြောင်း Reuters သတင်းက ယနေ့ ၂၀၂၂ ခုနှစ် ဧပြီ (၄) ရက်မှာ ဖော်ပြသည်။



ယူကရိန်းအာဏာပိုင်တွေက ဘူချာမြို့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှုဖြစ်နိုင်ခြေအပေါ် စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထားသည်။

ယူကရိန်းသမ္မတ Volodymyr Zelensky က ဘူချာမြို့ကို ယနေ့ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရုရှားအစိုးရဘက်ကတော့ ထိုမြို့မှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်သည့် စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။

ဘူချာမြို့မှ ထိတ်လန့်တုန်လှုပ်ဖွယ် အရပ်သား ရုပ်အလောင်းပုံတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ရုရှားကို ပြစ်တင်ရှုတ်ချမှုတွေ တိုးလာနိုင်သလို အမေရိကန်နှင့် ဥရောပကလည်း အရေးယူပိတ်ဆို့မှုအသစ်တွေ လုပ်ဆောင်လာနိုင်သည်။



ထိုအတောအတွင်း ပြင်သစ်သမ္မတ Emmanuel Macron က ဘူချာမြို့မှ အထောက်အထားတွေအရ ရုရှားတပ်ဖွဲ့တွေ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ထင်ရှားစေသည်ဟု ပြောဆိုသည်။

ပြင်သစ်သမ္မတက ရုရှား၏ ရေနံနဲ့ ကျောက်မီးသွေး တင်ပို့မှုများကို ပစ်မှတ်ထားပြီး နောက်ထပ် အရေးယူပိတ်ဆို့မှုများလုပ်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

ဘူချာမြို့ဖြစ်ရပ်က စစ်ပွဲရပ်ဆိုင်းနိုင်ရေး ယူကရိန်းနှင် ရုရှားတို့ကြား ဆွေးနွေးမှုအပေါ်လည်း သက်ရောက်လာနိုင်ကြောင်း သုံးသပ်ကြသည်။



ရုရှားက အိမ်နီးချင်း ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်မှာ စတင်ကျူးကျော်ခဲ့ပြီး နှစ်ဘက်တိုက်ခိုက်မှုများ လက်ရှိအချိန်အထိ အပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်သည်။ နှစ်နိုင်ငံ အစိုးရများ၏ တရားဝင် ထုတ်ပြန်ချက်အရ တိုက်ပွဲများအတွင်း ရုရှားစစ်သား ၁,၃၅၁ ဦးနှင့် ယူကရိန်းစစ်သား ၁,၃၀၀ သေဆုံးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ အစိုးရများ၏ တရားဝင် ထုတ်ပြန်ချက်အရ တိုက်ပွဲများအတွင်း ရုရှားစစ်သား ၁,၃၅၁ ဦးနှင့် ယူကရိန်းစစ်သား ၁,၃၀၀ သေဆုံးခဲ့ကြောင်း သိရသည်။ 



Source: Reuters, BBC

Photo: REUTERS/Mikhail Palinchak/Gleb Garanich