ကယ်လီဖိုးနီးယားပြည်နယ်အတွင်း အာရှသားအများစု နေထိုင်သည့် မြို့တွင် တရုတ်နှစ်ကူးပွဲ‌ ကျင်းပနေစဥ် သေနတ် ပစ်ခတ်မှုကြောင့် လူ (၁၀) ဦး သေဆုံး

ကယ်လီဖိုးနီးယားပြည်နယ်အတွင်း အာရှသားအများစု နေထိုင်သည့် မြို့တွင် တရုတ်နှစ်ကူးပွဲ‌ ကျင်းပနေစဥ် သေနတ် ပစ်ခတ်မှုကြောင့် လူ (၁၀) ဦး သေဆုံး
ဇန်နဝါရီ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ အာရှသားများ အဓိက နေထိုင်ရာ မြို့တစ်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲ စုရုံးကျင်းပနေစဥ် လူအစုလိုက် အပြုံလိုက်ကို ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၁၀) ဦး သေဆုံးပြီး အနည်းဆုံး (၁၀) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့်  သေနတ်သမား လွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ပြောသည်။

သေနတ်သမားက လော့စ်အိန်ဂျလိစ်မြို့အနီး Monterey Park မြို့ရှိ ဒေသခံများ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပနေသည့် နေရာတစ်ခုတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ ၎င်းက ဆီမီးအော်တိုမက်တစ် သေနတ်တစ်လက်ဖြင့် မြင်တွေ့သမျှကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဒေသစံတော်ချိန် ဇန်နဝါရီလ (၂၁) ရက်နေ့၏ ည (၁၀) နာရီ (၂၀) မိနစ်ဝန်းကျင်တွင် အရေးပေါ် ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ကောင်တီ ရဲဌာနမှ ရဲအရာရှိ အန်ဒရူးမေယာက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာသို့ ရောက်ရှိချိန်က နေအိမ်အဆောက်အအုံများ အပြင်ဘက်တွင် လူအများအပြားကို တွေ့ရကြောင်းလည်း ၎င်းကဆိုသည်။ 

Monterey Park မီးသတ်ဌာနက ဒဏ်ရာရသူများကို ကုသပေးခဲ့ပြီး လူ (၁၀) ဦး ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ 

"နောက်ထပ် အနည်းဆုံး လူ (၁၀) ဦး ဒဏ်ရာရခဲ့ပြီး သူတို့ကို ဆေးရုံကို ပို့ထားပါတယ်။ ဒဏ်ရာရသူတွေက အခြေအနေတည်ငြိမ်မှုရှိသူက‌နေ အသက်အန္တရာယ် စိုးရိမ်ရသူတွေအထိ ပါဝင်ပါတယ်။ သံသယရှိသူက ပစ်ခတ်မှုဖြစ်တဲ့နေရာကနေ ထွက်ပြေးသွားပြီး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်" ဟု ရဲဗိုလ်ကြီး အန်ဒရူးမေယာက ပြောသည်။

တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပနေစဥ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် Monterey Park မြို့မှာ လော့စ်အိန်ဂျလိစ်မြို့လယ်မှ အရှေ့ဘက် (၈) မိုင်အကွာတွင် တည်ရှိသည်။ 

ထိုမြို့တွင် လူဦးရေ (၆၁,၀၀၀) ကျော် နေထိုင်ကြပြီး အများစုမှာ အာရှတိုက်သားများ သို့မဟုတ် အာရှအမေရိကန်များဖြစ်ကြောင်း သိရသည်။

Source: AFP

Photo: REUTERS/Allison Dinner, REUTERS/Mike Blake,