တာချီလိတ်မြို့တွင်း (၃)ရက် ဆက်တိုက် ဖောက်ခွဲမှုများကို TCL.KKK.SHN အဖွဲ့က ပြုလုပ်ကြောင်း သတင်းထုတ်ပြန်

တာချီလိတ်မြို့တွင်း (၃)ရက် ဆက်တိုက် ဖောက်ခွဲမှုများကို TCL.KKK.SHN အဖွဲ့က ပြုလုပ်ကြောင်း သတင်းထုတ်ပြန်
ဇန်နဝါရီ 11, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြစ်ပွားသည့် ဖောက်ခွဲမှု (၃) ခုကို ၎င်းတို့ပြုလုပ်ကြောင်းနှင့် ဖေါက်ခွဲမှုအတွင်း ဒဏ်ရာရသွားသည့် ရုံးအကူမိသားစုကို တောင်းပန်သည်ဟု TCL.KKK.SHN အဖွဲ့က ဇန်နဝါရီလ (၁၁) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါအဖွဲ့က တာချီလိတ်မြို့ကို  ရောက်လာသည့် အာဏာသိမ်းစစ်ကောင်စီခန့်  ပြည်နယ်ဝန်များ တည်းခိုသည့်နေရာအနီးကို ဇန်နဝါရီလ (၈)ရက်နေ့ကလည်းကောင်း၊ ဇန်နဝါရီလ (၉)ရက်နေ့က ၎င်းတို့အဖွဲ့ အစည်းအဝေးလုပ်ရာနေရာများတွင် ဖေါက်ခွဲမှုများ ပြုလုပ်ခဲ့သည့်အပြင် အဂတိမှုဖြင့် နာမည်ကြီးနေသည့် ဌာနများအနက်မှ မြို့နယ်လဝကရုံးကို  ဇန်နဝါရီလ (၁၀) ရက်နေ့က ဖေါက်ခွဲမှု ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ပြုလုပ်ခဲ့သည့် ဖေါက်ခွဲမှုများအနက် လဝကရုံးဖေါက်ခွဲမှုတွင် ရုံးအကူမိသားစုကို မှန်ကွဲစများထိမှန်သည့် ဒဏ်ရာများ ရရှိခဲ့ခြင်းအပေါ် တောင်းပန်သည်ဟု အဆိုပါအဖွဲ့က ဆိုထားသည်။

ယင်းအပြင် အဆိုပါဖေါက်ခွဲမှုများဖြစ်ပွားပြီးနောက် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည့် တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ၎င်းတို့အဖွဲ့မှာ သက်ဆိုင်ခြင်း မရှိကြောင်းကိုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

TCL.KKK.SHN က အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့အား အထောက်အကူပြုစေသည့် ယန္တရားများ၊ ဒေါက်တိုင်များကို တိုက်ခိုက်မည်ဖြစ်၍ အများပြည်သူအနေဖြင့် ထိခိုက်မှုမရှိစေရေး ၎င်းတို့နှင့် ဝေးဝေးနေရန် သတိပေးထားသည်။

 

ဆက်စပ်သတင်း