တာချီလိတ်မြို့တွင် ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ညစာ လာစားသည့် ဟိုတယ်နှင့် ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲ 

တာချီလိတ်မြို့တွင် ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ညစာ လာစားသည့် ဟိုတယ်နှင့် ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲ 
ဇန်နဝါရီ 8, 2022 | ရှမ်းရှေ့

အာဏာသိမ်းအဖွဲ့၏  ရှမ်းပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ရောက်ရှိနေသည့် တာချီလိတ်မြို့တွင် ညပိုင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍   စစ်ဆေးမှုများ ပြုလုပ်ပြီး ကင်းလှည့်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အပိုင်း ရီဂျီးနားဂေါက်ကွင်းသွားလမ်းဘေးရှိ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအနီးတွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်၍ ရဲများက ည(၁၀)နာရီ မိနစ်(၁၅)ဝန်းကျင်တွင် လာရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

 

ပေါက်ကွဲသံက အကျယ်ကြီးပဲ တာဝေမီးစက်နားအထိ ကြားရတယ်။ အသံက ဂေါက်ကွင်းဘက်က လာတဲ့အသံပဲ။ ဘယ်နား ဘာဖြစ်လဲဆိုတာတော့ အတိအကျ မသိဘူး။ အသံကတော့ အတော်ကို ကျယ်တာ

ဟု ဒေသခံ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှု မတိုင်မီက ရှမ်းပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ရီဂျီးနားဂေါက်ကွင်းသွားလမ်းဘေးရှိ  ဟိုတယ်တွင် ညစာ စားကြသည်ဟု သိရပြီး  ဒေါက်တာကျော်ထွန်းမှ ညစာ စားပြီး ဧည့်ရိပ်သာသို့ ပြန်သွားအပြီး အနည်းငယ် အကြာဖြစ်သည့် ည(၁၀)နာရီဝန်းကျင်တွင် ပေါက်ကွဲခြင်း ဖြစ်ကြောင်း နှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။

ဝကခ တို့ ထမင်းလာစားတဲ့ ဟိုတယ်မှာ ပေါက်ကွဲတာတော့ မဟုတ်ဘူး။ အနီးနားမှာ ကွဲတာလို့ ပြောလို့ ရနိုင်ပါတယ်။ အသံမိုင်းလို့ ပြောရမလိုပဲ။ အဓိက က အသံအတော်ကျယ်တယ်။ ဝကခ အိပ်တဲ့ အနီးနဲ့ ခုနေရာမှာ လုံခြုံရေးချပေးထားပါတယ်

ဟု အမည်မဖော်လိုသည့် အရာရှိတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

 ရှမ်းပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ယနေ့ ဇန်နဝါရီလ(၈)ရက်နေ့တွင် မိုင်းဆတ်ခရီးစဉ်က ပြန်လာခြင်းဖြစ်ပြီး ဇန်နဝါရီလ(၉)ရက်နေ့တွင် တာချီလိတ်ကနေ ပြန်မည်ဟု သိရသည်။