တာချီလိတ်မြို့တွင် စစ်ကားနှင့်ရဲကားများ ကင်းလှည့်နေသည့်အကြားက မြို့နယ် လဝကရုံး ဗုံးကွဲ

တာချီလိတ်မြို့တွင် စစ်ကားနှင့်ရဲကားများ ကင်းလှည့်နေသည့်အကြားက မြို့နယ် လဝကရုံး ဗုံးကွဲ
ဇန်နဝါရီ 10, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် (၂)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ စစ်ကားနှင့်ရဲကားများ ကင်းလှည့်နေသည့်အကြားက တာချီလိတ်မြို့နယ် လဝကရုံးတွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့ ည(၇)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

ပေါက်ကွဲသံကြားလိုက်တာကတော့ (၇)နာရီနဲ့ (၁၅)မိနစ်မှာ ကြားတာ။  ပေါက်ကွဲအပြီး (၇)မိနစ်မှာ အရေးပေါ် လူနာတင်ယာဉ်လည်း အမြန်မောင်းသွားတာတွေ့လိုက်တာ။ ပေါက်ကွဲသံကတော့ အတော်ကျယ်တယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ မြို့နယ်လဝကရုံးတွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့ ည(၇)နာရီ (၁၅)မိနစ်အချိန်က ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရုံး၏ မှန်ပြတင်းပေါက်များ ပျက်စီးသွားကြောင်း သိရသည်။

ဗုံးကွဲခြင်းကြောင့် လဝကဦးစီးမှူးရုံးခန်း၏ မှန်ပြတင်းတံခါးများတွင် မှန်များ ကွဲကြေလွှင့်စင်သွားရာမှ အနီးရှိ အမျိုးသမီး(၂)ဦးနှင့် ကလေးငယ်(၁)ဦးကို ထိမှန်၍ မစိုးရိမ်ရသည့် ဒဏ်ရာများရရှိသွားကြောင်း သိရသည်။ 

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ စစ်တပ်နှင့်ရဲက လာရောက်ကာ စစ်ဆေးခြင်း အနီးဝန်းကျင်မှ CCTV မှတ်တမ်းကြည့်ခြင်းများ ပြုလုပ်ပြီး ည(၈)နာရီ (၂)မိနစ်အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာကနေ ထွက်ခွာသွားပြီး မြို့တွင်း လှည့်ပတ်သွားလာကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆန်ဆိုင်းဈေးနားမှာလည်း စစ်နေသလို၊ တာဝေ မီးစက်လမ်းနားမှာလည်း စောင့်နေကြတယ်။ ပေါ်တင်စောင့်တာမဟုတ်ဘဲ ခြုံထဲကနေ ပုန်းပြီးစောင့်ပြီး စစ်တာတွေ လုပ်နေတယ်

ဟု ဖြတ်သန်းသွားလာသူ ဒေသခံ တစ်ဦးက ပြောသည်။

ယခုလို ပေါက်ကွဲမှုသည် လဝက ဌာနက တရုတ်နှင့်ထိုင်း နိုင်ငံသားများအား ငွေကြေးရယူ၍ မှတ်ပုံတင်များ ပြုလုပ်ပေးနေခြင်းကြောင့် ဖြစ်သည်ဟုလည်း ဒေသခံ အချို့က သုံးသပ်ကြသည်။

တာချီလိတ်မှာ ထိုင်းထက် တရုတ်တွေ အရမ်းများလာတယ်။ မှတ်ပုံတင်လိုချင်သူတွေကို လဝက က လုပ်ပေးနေတာ တစ်ယောက်ကို မှတ်ပုံတင်လုပ်ပေးရင် ဘတ်ငွေ သိန်းနဲ့ချီရတယ်။ ဒါက မြို့နယ်လဝက ဌာန တခုတည်းမဟုတ်ဘူး ခရိုင်လဝကနဲ့ တွဲလုပ်စားကြတာပေါ့။ အခုလို လုပ်ဖို့ ကြားပွဲစားတွေက မျက်နှာကြီးတွေထဲကပဲ။ ခုလို ပေါက်ကွဲမှုဖြစ်သွားတယ်ဆိုတော့ သတိပေးတဲ့အနေနဲ့လား တရုတ်တွေထဲက မကျေနပ်လို့ လုပ်တာလား အဝေမတည့်လို့ လုပ်တာလားတော့မသိဘူး။ အဓိက ကတော့ ဒီလိုတွေကြောင့်ပဲ ဖြစ်လိမ့်မယ်။ သိတဲ့အတိုင်း တာချီလိတ်မှာက လက်နက်တွေက ပေါတာဆိုတော့

ဟု အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ်၏ ဇန်နဝါရီလအတွင်း ပေါက်ကွဲမှုများအဖြစ် ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ညအိပ်သည့် ဇန်နဝါရီလ(၈)ရက်နေ့ ညပိုင်းက တစ်ကြိမ်၊ ဇန်နဝါရီလ(၉)ရက်နေ့က ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် အခမ်းအနား ပြုလုပ်အပြီးတွင် တစ်ကြိမ် နှင့် ယခု ပေါက်ကွဲမှု အပါအဝင်  (၃)ကြိမ်ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

 

ဆက်စပ်သတင်း