တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင်  ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း အခမ်းအနား တက်ရောက်အပြီး  ဗုံးပေါက်ကွဲ

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင်  ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း အခမ်းအနား တက်ရောက်အပြီး  ဗုံးပေါက်ကွဲ
ဇန်နဝါရီ 9, 2022 | ရှမ်းရှေ့

အာဏာသိမ်းအဖွဲ့၏  ရှမ်းပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ရောက်ရှိနေသည့် တာချီလိတ်မြို့တွင် အောင်မြတ်ခန်းမ၌ ပန်းခင်းစီမံချက်အဖြစ် မှတ်ပုံတင်ပေးအပ်ပွဲ ပြုလုပ်အပြီး (၁၅)မိနစ် ဝန်းကျင်အကြာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

ဟုတ်တယ်၊ ခဏက ပေါက်ကွဲမှု ဖြစ်သွားတယ်။ ခန်းမရဲ့ အရှေ့ကတော့ မဟုတ်ဘူး။ အနောက်ပေါက်မှာ ကွဲတာ။ လက်ပစ်ဗုံးနဲ့ပစ်သွားတာ။ စနက်တံ တွေ့တယ်

ဟု  အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့ နံနက် (၁၁)နာရီ(၄၇)မိနစ်အချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၏ အနောက်ပေါက်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ဆိုင်ကယ်တစ်စီး ပျက်စီးသွားကြောင်း သိရသည်။ 

အစောက အောင်မြတ်ခန်းမနားမှာ လုံခြုံရေးတွေ ချထားတာတွေ့လိုက်သေးတယ်။ လမ်းမကြီးပေါ်တော့ ရှင်းနေတယ်။ အသံက အတော်ကျယ်တယ်။ အဝေးကြီးကနေတောင် ကြားလိုက်ရတယ်။ (၁၁)နာရီ (၄၇)မှာ အသံကြားရတာပဲ။

ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် နေသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံရဲတို့ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ CCTV ရှိနိုင်မည့် နေရာများကိုရှာကြံ စစ်ဆေးနေကြောင်း နှင့်  တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းမင်းထွန်းနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေပြီး မြို့တွင်း အဖွဲ့စုံဖြင့်ပါ စစ်ဆေးမှုများ လုပ်နေသည်ဟု သိရသည်။

ယမန်နေ့ ဇန်နဝါရီလ(၈)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်ကလည်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အပိုင်း ရီဂျီးနားဂေါက်ကွင်းသွားလမ်းဘေးရှိ အာဏာသိမ်းစစ်ကောင်စီ၏  ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ လူမှုရေးဝန်ကြီး ဦးအောင်မြင့် နှင့်အဖွဲ့ ညအိပ်သည့် ဇန်းမွန်ဟိုတယ် နှင့် ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုတွင် ထိခိုက်သူမရှိကြောင်း သိရသည်။



လောင်းကစားနှင့် အပျော်အပါးပေါများသည့် တာချီလိတ်မြို့တွင်   အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ပြည်ထောင်စုဝန်ကြီးမှ ပြည်နယ်ဝန်ကြီးများအထိ လာရောက်လေ့ရှိကြောင်း သိရသည်။ 

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ်၏ ဇန်နဝါရီလအတွင်း ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး (၂)ကြိမ်တိတိ ပေါက်ကွဲမှုတွင် ထိခိုက်သူမရှိကြောင်း သိရသည်။