တာချီလိတ်မြို့တွင် Quarantine ထားသည့် အဖွဲ့ထဲက (၄၅)ဦးတွင် Covid-19 ပိုးတွေ့၍ လက်ရှိတွင် ပိုးတွေ့ (၈၂)ဦး ရှိနေ

တာချီလိတ်မြို့တွင် Quarantine ထားသည့် အဖွဲ့ထဲက (၄၅)ဦးတွင် Covid-19 ပိုးတွေ့၍ လက်ရှိတွင် ပိုးတွေ့ (၈၂)ဦး ရှိနေ
ဇွန် 11, 2021 | Covid-19| ရှမ်းရှေ့

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို ယနေ့ ဇွန်လ(၁၁)ရက်နေ့တွင် Covid-19 ထပ်မံ စစ်ဆေးရာ (၄၅)ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ ၎င်းတို့အဖွဲ့ထဲ၌ လက်ရှိတွင် ပိုးတွေ့ထားသူ (၈၂)ဦးရှိနေသည်။ 

ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့က ထိုင်းနိုင်ငံဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၁၀၉)ဦးကို ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်တွင် Covid-19 စစ်ဆေးရာ (၁၀၉)ဦးအနက် (၇)ဦးတွင် ပိုးတွေ့ရပြီး  ဇွန်လ(၃)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က (၁)ဦး ထွက်ပြေးသွားသည့်အတွက် ကျန်ရှိသည့် (၁၀၁)ဦးကို ဇွန်လ(၄)ရက်နေ့က စစ်ဆေးရာ  (၃၀)ဦးတွင် ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

ဆက်လက်၍ ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၁)ရက်နေ့တွင် ထပ်မံစစ်ဆေးရာ အမျိုးသား(၃၆)ဦး နှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း (၄၅)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

 

ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉)ဦးအနက် (၁)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ကျန်ရှိသည့် (၁၀၁)ဦးတွင် (၈၂)ဦးမှာ Covid-19 တွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။



ထိုင်းဘက်မှ လွှဲပြောင်းပေးလာသူများကို Facility Quarantine Centre ဖွင့်လှစ်ထားသည့် မိုးကုတ်တရားရိပ်သာတွင် ထားရှိပြီးမှ စောင့်ကြည့် စစ်ဆေးပေးနေခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် Covid-19 နှင့် ပတ်သက်၍ လတ်တလော၌ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးပေးနိုင်ခြင်း နှင့် လာရောက်စစ်ဆေးခြင်းများမရှိသေးသည့်အတွက် ဒေသတွင်း ကူးစက်မှုများ မတွေ့ရှိသေးသော်လည်း ထိုင်းနိုင်ငံဘက်က လွှဲပြောင်းပေးလာသူများ၌သာ Covid-19 ပိုးတွေ့ရှိနေခြင်း ဖြစ်သည်။