ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလ ရက်ပေါင်း(၉၃)ရက်အတွင်း လူပေါင်း (၃၇၀၀)ကျော် ကူးစက်ခံရပြီး သေဆုံးသူ (၇၀)ဦးအထိရှိနေ

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလ ရက်ပေါင်း(၉၃)ရက်အတွင်း လူပေါင်း (၃၇၀၀)ကျော် ကူးစက်ခံရပြီး သေဆုံးသူ (၇၀)ဦးအထိရှိနေ
စက်တင်ဘာ 30, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလ (၉၃)ရက်အတွင်း Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၃၇၀၀)ကျော်ရှိနေပြီး သေဆုံးသူမှာလည်း (၇၀)ဦးအထိ ရှိနေကြောင်း သိရသည်။

စက်တင်ဘာလ(၂၉)ရက်နေ့ တစ်နေ့တာ စစ်ဆေးချက်အရ  (၆၆၃)ဦးကို စစ်ဆေးရာတွင် Covid-19 ကူးစက်ခံထားရသူ (၇၄)ဦး ထပ်တိုးတွေ့ရှိသလို (၂)ဦးလည်း ထပ်တိုးသေဆုံးခဲ့သည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအား ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့က စတင်ခဲ့ရာ စက်တင်ဘာလ(၂၉)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၃၇၀၈)ဦးအထိရှိနေရာတွင် (၃၀၂၆)ဦးမှာ ဆေးရုံနှင့် သီးသန့်စောင့်ကြည့် စင်တာများကနေ ပြန်ခွင့်ရသွားကြပြီဖြစ်သော်လည်း လက်ရှိမှာ စောင့်ကြည့် ကုသဆဲမှာ (၆၁၂)ဦးရှိကာ သေဆုံးသူမှာလည်း (၇၀)ဦး အထိ ရှိနေသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း Covid-19 တတိယလှိုင်းကို တာချီလိတ်မြို့က စတင်ခဲ့သော်လည်း လက်ရှိမှာ တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိမှု ကျဆင်းသွားသည်ဟု သိရပြီး ကျိုင်းတုံမြို့တစ်ခုတည်းတာ ပိုးတွေ့ရှိရမှု ဆက်လက်မြှင့်တက်နေဆဲဖြစ်သည်။