တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားတွင် ထိုင်းဘက်က အမည်ပေါက် ယာဉ်များနှင့် ပတ်သက်ပြီး တစ်စီးသာ ခွင့်ပြုနေမှုအတွက်  ဒေသခံများ အခက်အခဲ ဖြစ်နေ

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားတွင် ထိုင်းဘက်က အမည်ပေါက် ယာဉ်များနှင့် ပတ်သက်ပြီး တစ်စီးသာ ခွင့်ပြုနေမှုအတွက်  ဒေသခံများ အခက်အခဲ ဖြစ်နေ
ဖေဖော်ဝါရီ 2, 2024 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့အကြား  ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်ကနေ ဖြတ်သန်းသွားလာနေသည့် ယာဉ်များနှင့်ပတ်သက်ပြီး အမည်ပေါက် (၂)စီးရှိပါက တစ်စီးသာ လက်မှတ်လုပ်ခွင့်ကို   ထိုင်းဘက်က ကန့်သတ်မှုများ ပြုလုပ်နေ၍ တာချီလိတ်ဒေသခံများအနေဖြင့် အဆင်မပြေမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

တာချီလိတ်တွင် နေထိုင်သူများအနေဖြင့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ကားများဖြင့် သွားရာတွင်  ကားစလစ်ဟု ခေါ်သည့် ကားဖြတ်သန်းခွင့်လက်မှတ်များ ပြုလုပ်ရာ၌ လူတစ်ဦးတည်းအနေဖြင့် ကား(၂)စီးတွင် အမည်ပေါက်ထားပါက ကားတစ်စီးသာ သွားလာခွင့် လက်မှတ် ပြုလုပ်ပေးကြောင်း သိရသည်။

"အိမ်မှာက ကား(၂)စီးရှိတယ်။ တစ်စီးက ရိုးရိုး၊   တစ်စီးက ပစ္စည်းတွေတင်လို့ရတဲ့ကားပါ။ များသောအားဖြင့်က ကားသေးနဲ့ပဲ မယ်ဆိုင်ဘက်ကို သွားဖြစ်ပေမဲ့ တစ်ခါတလေ မယ်ဆိုင်ဘက်ကို ပစ္စည်းတွေသွားဝယ်တဲ့အခါ ပစ္စည်းတင်လို့ရတဲ့ ကားယူသွားချင်တာ။ ကားစလစ်သွားလုပ်တော့ ကား(၂)စီးစလုံးက တစ်ဦးတည်း အမည်ဖြစ်နေလို့ ကားတစ်စီး ပဲ စလစ် လုပ်ခွင့်ရမယ်လို့ ပြောတယ်။"ဟု တာချီလိတ်မြို့နေ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြောသည်။

အလားတူပင် ကားတစ်မျိုးတည်းမဟုတ်ဘဲ ဆိုင်ကယ်များလဲ ထိုနည်းအတိုင်းဖြစ်နေသည်ဟု သိရသည်။

"ကျွန်တော်လည်း လိုင်စင်ပါတဲ့ ဆိုင်ကယ်တစ်စီးရှိတာ အဲ့ဒီဆိုင်ကယ်နဲ့ မယ်ဆိုင်အသွားအလာ လုပ်တာပေါ့။ ဆိုင်ကယ်က မော်ဒယ်လ်နိမ့်သွားတော့ ရောင်းထုတ်လိုက်ပြီး သူ့ထက် မြင့်ပြီး လိုင်စင်ပါတဲ့ ဆိုင်ကယ်ပြောင်းဝယ်လိုက်ပြီးတော့ မယ်ဆိုင်သွားဖို့ စလစ်သွားလုပ်တဲ့အခါ ကျွန်တော့် နာမည်နဲ့ အမည်စာရင်းက အရင်ဆိုင်ကယ်နဲ့အတူ ရှိပြီးသားမို့ မရဘူးလို့ ပြောတယ်။ အရင်ကတော့ ဘယ်လိုဖြစ်ဖြစ် ရတာကို အခုက မရဘူးလို့ ပြောလို့ ဆိုင်ကယ်နဲ့ မယ်ဆိုင်ကို မသွားဖြစ်တော့ဘူး"ဟု တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် နေသူ တစ်ဦးက ပြောပြသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေးအမှတ်(၁)တံတား နှင့် အမှတ်(၂)တံတားတို့တွင် ထိုင်းဘက် လဝက နှင့် အကောက်ခွန်များ၏ သတ်မှတ်ချက်များကြောင့် အဆင်မပြေမှုများ ရှိလာတတ်သည့် အခါ တာချီလိတ်နေသူများအတွက် မြန်မာဘက်အနေဖြင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးတိုင်းက ကူညီဖြေရှင်းပေးလေ့ရှိရာ ယခုအခါတွင်လည်း Covid-19 မတိုင်မီက အတိုင်း ယာဉ်များ အမည်ပေါက်နှင့်ပတ်သက်၍ ကန့်သတ်မှုများကို ဖြေလျော့ပေးနိုင်ရန် ကူညီပေးစေလိုကြောင်း ဒေသခံများက ဆိုသည်။

"ကျွန်တော်တို့ တာချီလိတ်ဘက်က မယ်ဆိုင်ဘက်သွားရင် ထိုင်းရဲတွေက ဆီးစစ်တာမျိုးတို့၊ မတရားဖမ်းခံရတာမျိုးတို့ အပြင်  ထိုင်းလဝက နဲ့ အကောက်ခွန်တွေရဲ့  ကန့်သတ်ချက်တွေနဲ့ ပတ်သက်ရင်တော့ မြန်မာဘက် ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့နဲ့ အလွတ်သဘောတွေ့ပြီး ပြောဆိုပေးတာတွေ လုပ်လေ့ရှိတယ်။ အဲ့လိုဆို ထိုင်းဘက်ကလည်း အဆင်ပြေအောင် ဖြေလျှော့ပေးတာတွေရှိတယ်။ အခု တာချီလိတ်ကို အသစ်ပြောင်းရွှေ့လာတဲ့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို အနေနဲ့လည်း ဒီကိစ္စကို သိရှိပြီးသွားရင်တော့ အရင် ခရိုင်အုပ်ချုပ်ရေးမှူးတွေလိုပဲ ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်"ဟု မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

 တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား (၂)စင်း အနက် အမှတ်(၁) တံတားပေါ်ကနေ နေ့စဉ် လမ်းလျှောက်ပြီး သွားလာသူ များပြားသလို ကား/ဆိုင်ကယ်များဖြင့်လည်း သွားလာသူ များပြားသည်။