တာချီလိတ် - မိုင်းဆတ်လမ်း ပျက်စီးမှုအများဆုံးနေရာ (၁၆) ခုတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်

တာချီလိတ် - မိုင်းဆတ်လမ်း ပျက်စီးမှုအများဆုံးနေရာ (၁၆) ခုတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်
ဇန်နဝါရီ 3, 2020
By 🌸

တာချီလိတ် - မိုင်းဆတ်လမ်း ပျက်စီးမှုအများဆုံးနေရာ (၁၆) ခုတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းဆတ်ကို ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက်လမ်းရှိ အတက်အဆင်း ကြမ်းတမ်းသည့်နေရာများနှင့် လမ်းပျက်စီးမှုအများဆုံးနေရာ (၁၆) ခုတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

"အကျယ် (၁၈) ပေ ကွန်ကရစ်လမ်း ခင်းသွားမှာ။ မိုင်းဆတ် - တာချီလိတ်လမ်း ပြည်နယ်ရန်ပုံငွေနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းတွေကို တင်ဒါခေါ်ယူပြီးတော့ ဆောင်ရွက်သွားတာ ဖြစ်တယ်။ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ လုပ်ငန်းတွေကို ဌာနကဆောင်ရွက်သွားမှာပါ။ မိုးမကျခင်မှာ အပြီးဆောင်ရွက်သွားဖို့ လျာထားပါတယ်"

ဟု တာချီလိတ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့၌ ပြောသည်။

တာချီလိတ် - မိုင်းဆတ်လမ်း ပြင်ဆင်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း(၃၄၇၃ ဒဿမ ၅၇) ခွင့်ပြုပေးထားရာ သွားလာရအခက်ခဲဆုံး (၅)မိုင်ခွဲကို ကွန်ကရစ်လမ်းခင်းပြီး ကျန်လမ်းပိုင်းများကို ရာသီမရွေးသွားလာနိုင်ရန် ပြင်မည်ဟု သိရသည်။

၂၀၁၉ -၂၀၂ဝ ဘဏ္ဍာနှစ်တွင် မိုင်းဆတ် - တာချီလိတ်လမ်းအတွက် ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်း(၁၆၄၈) နှင့် ပြည်နယ်ရန်ပုံငွေ ကျပ်သန်း (၁၈၂၅ ဒဿမ ၅၇) စုစုပေါင်း ကျပ်သန်း (၃၄၇၃ ဒဿမ ၅၇) ကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီး လမ်းပြင်ဆင်းခြင်းလုပ်ငန်းဆောင်ရွက်နေပြီဖြစ်ရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုကြသည်။

အဆိုပါလမ်းကို "ဝ"အထူးဒေသ(၂)မှ ၁၉၉၈ ခုနှစ်တွင် ဖောက်လုပ်ခဲ့ကာ လမ်းအသုံးပြုခ ကောက်ခံနေခဲ့ခြင်းဖြစ်ပြီး လမ်းမှာဆိုးရွားစွာပျက်စီးလာသဖြင့် ဒေသခံများက အမြန်ဆုံးပြင်ပေးရန် လိုလားလျှက်ရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် "ဝ"အထူးဒေသ(၂)က ဒေသခံပြည်သူများအတွက် လက်ဆောင်အဖြစ် နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~