ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်း အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်ပြော

ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်း အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်ပြော
ဒီဇင်ဘာ 14, 2021 | အခြားဒေသများ
By Tachileik News Agency

နိုင်ငံအတွင်းရှိ ကျေးရွာများအတွင်း နေအိမ်များကို မီးရှို့ကာ ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသည့် အာဏာသိမ်းစစ်တပ်၏ ခေါင်းဆောင်ဖြစ်သူ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်း  စကစ အစည်းဝေးတွင် ပြောသည်။

ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ပြီး လူထုကိုအကြောက် တရားဖြစ်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူကို ခြိမ်းခြောက်၍ အကြောက်တရားဖြစ်အောင် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသည်

ဟု အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၏ အစည်းအဝေးခန်းမတွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့က ပြုလုပ်သည့် အစည်းအဝေး၌ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် နိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်များရှိ အောက်ခြေ ကျေးရွာများအထိ လက်နက်အင်အား၊ လူအင်အားများဖြင့် စစ်ကြောင်းထိုးကာ သွားလာနေပြီး အချို့ကျေးရွာများကို PDF ကျေးရွာဟု သတ်မှတ်ကာ ဘုန်းကြီးကျောင်းအတွင်း‌ ဝင်ရောက်ဖျက်ဆီး မွှေနှောက်ရှာဖွေ သလို ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများအပြင်၊ နေအိမ်အတွင်း ရှာဖွေရာတွင် ၎င်းတို့ လိုချင်သည့် ပစ္စည်းများကို ခိုးဝှက်ယူဆောင်သွားခြင်းများရှိကြောင်း သိရသည်။

ဒီဇင်ဘာလ(၁၃)ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအုပ်စုအတွင်းရှိ ကဲဘာကျေးရွာကို  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင်  အာဏာသိမ်းစစ်တပ်နှင့် ဒေသခံပျူစောထီးပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ရွာသားများထွက်ပြေးရစဉ် ရွာတွင်း မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်   အိမ်ခြေ (၄၀)မှ (၁၀၀)ကြား မီးလောင်ဆုံးရှုံးသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ယင်းအပြင် ရှမ်း - ကယားနယ်စပ်တွင်လည်း အာဏာသိမ်းစစ်တပ်မှ ကျေးရွာများအတွင်း အကြမ်းဖက် ဝင်ရောက် ပစ်ခတ် ဖမ်းဆီး နှိပ်စက်မှုများကြောင့် ကျေးရွာတွင်းနေ တိုင်းရင်းသားပြည်သူများမှ သီးနှံရိတ်ချိန်ဖြစ်သော်လည်း ပစ်ထားခဲ့ရပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် ဖြစ်စဉ်များလည်းရှိနေသည်။

 

ဆက်စပ်သတင်း

နိုင်ငံ့အာဏာကို တပ်မတော်က တိုက်ရိုက် မအုပ်ချုပ်ဘဲ အရပ်သား အများစုကို တာဝန်ပေးထားသည်ဟု စစ်ဖက်နှင့်အရပ်ဖက်ပါ တစ်ယောက်တည်း အမိန့်ပေး အုပ်ချုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြော