အာဏာသိမ်းစစ်ကောင်စီတပ်က ၉ ရက်ကြာ တပ်စွဲသွားသည့် သာယာကုန်းကျေးရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီး

အာဏာသိမ်းစစ်ကောင်စီတပ် မီးရှို့သွားသည့် သာယာကုန်းကျေးရွာ Photo: Chinland Defense Force, Kalay Kabaw - Gangaw
အာဏာသိမ်းစစ်ကောင်စီတပ် မီးရှို့သွားသည့် သာယာကုန်းကျေးရွာ Photo: Chinland Defense Force, Kalay Kabaw - Gangaw
အာဏာသိမ်းစစ်ကောင်စီတပ်က ၉ ရက်ကြာ တပ်စွဲသွားသည့် သာယာကုန်းကျေးရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီး
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ သာယာကုန်းကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က (၉)ရက်ကြာ တပ်စွဲထားစဉ်ကာလအတွင်း နေအိမ်များမှ အဖိုးတန်ပစ္စည်းများ ယူသွားသည့်အပြင် ဖျက်ဆီး၊ မီးရှို့မှုများလည်း လုပ်ထားခဲ့ကြကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် အဆိုပါကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့မှစ၍ (၁၀) ရက်နေ့အထိ တပ်စွဲထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပြန်ထွက်သွားချိန်တွင် အိမ်ခြေ (၃၀၀)ကျော်ရှိသည့်အနက် နေအိမ် (၅၆)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီတပ်သားများ၏ ယူနီဖောင်း၊ ကျည်ခွံအချို့ကိုလည်း တွေ့ရကြောင်း  Chinland Defense Force, Kalay Kabaw - Gangaw က သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကျေးရွာတွင် ဩဂုတ်လ (၂)ရက်နေ့က တပ်စွဲလာသည့် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ဩဂုတ်လ (၃)ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်က ကျေးရွာဒေသခံအချို့ကိုလည်း ဖမ်းဆီးခဲ့ကာ ဒေသခံတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်၍ နေအိမ်မီးလောင်မှုများဖြစ်ပွားသည့်အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများကိုပါ လုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။