နမခ အပါမဝင် စစ်ကောင်စီတပ်စခန်းများကို PDF တပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများရရှိ 

နမခ အပါမဝင် စစ်ကောင်စီတပ်စခန်းများကို PDF တပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများရရှိ 
နိုဝင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အပါအဝင် စစ်ကောင်စီတပ်စခန်းများကို PDF တပ်ရင်းများနှင့် မြို့နယ် ပကဖများမှ ပြီးခဲ့သည့် နိုဝင်ဘာလ (၄)ရက်နေ့ကစတင်၍ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာခရိုင်၊ ချောင်းဦးမြို့မြောက်ဘက် မုံရွာ-မန္တ‌လေး လမ်းမဘေးရှိ စစ်အင်ဂျင်နီယာတပ်ရင်း စအရ(၉၀၉)မှ ဗိုလ်ကြီး အောင်သူရ ဦးစီးသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီး အင်အား (၃၅)ဦး တပ်စွဲထားသည့် မြပုလဲစစ်ဆေးရေးဂိတ်ကိုလည်း ဒေသကာကွယ်ရေးတပ်များက နိုဝင်ဘာလ (၄)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၆)၊ ချောင်းဦးမြို့နယ် ပကဖ၊ CHUPDF (LPDF)၊ မုံရွာခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံခရိုင် Drone တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၀)ဦးခန့် သေဆုံးပြီး  ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ တော်လှန်ရေးရဲဘော် (၅)ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဂိတ်စခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ် (၅)လက်၊ ဗုံးသီး (၅)လုံး၊ ကျည်မျိုးစုံ (၄၇၇)တောင့်၊ ကျည်ဘောက် (၈)ခု၊ Equipment (၁)ခုနှင့် အခြားအသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် မုံရွာမြို့နယ် စွမ်းရည်ထက်ဆီဆိုင်ဂိတ်တွင် တပ်စွဲထားသော ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း ထပရ (၉၂၉)မှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး စုပေါင်းအင်အား (၅၀)ခန့်အား ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၂၄)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့ ၊မုံရွာမြို့နယ် ပကဖ၊ တိုက်နယ် (၂၊ ၃၊ ၄) ပကဖ၊ မုံရွာမြို့နယ်  ပလဖ၊ Monywa Specialဒိတ်ဒိတ်ကြဲ (LPDF)အဖွဲ့တို့မှ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          

မုံရွာမြို့နယ်ရှိ ညောင်ဖြူပင်ရွာရှိ အင်အား(၃၀)ခန့်ရှိ နယ်မြေရဲစခန်းအား မုံရွာခရိုင်တပ်ရင်း (၇)နှင့် မုံရွာခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ 

ထို့နောက် မုံရွာမြို့နယ် မအူဂိတ်နှင့် တောပုရွာ ပျူစောထီးစခန်းတို့အား မုံရွာခရိုင်တပ်ရင်း (၁၃၊ ၂၂၊ ၂၇)တို့မှ ပစ်ခတ်တိုက်ခိုက်သည့်အပြင် မုံရွာခရိုင်၊ မုံရွာမြို့၊ နမခ ဌာနချုပ်အား မုံရွာမြို့နယ် ပကဖ၊ ကံအိုးကျေးရွာပကဖ၊ ခိုးသန်းကျေးရွာပကဖ အဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အရာတော်မြို့ စက်မှုလယ်ယာဂိတ်ရှိ တင့်ကားတပ်ရင်း တကရ (၅၀၀၄)မှ စစ်ကောင်စီတပ်ဖွဲ့၊ လဝကရုံးရှိ စစ်အခြေခံ လေ့ကျင့်ရေးတပ်  စခတ (၁၀)မှ စစ်ကောင်စီတပ်တို့အား မုံရွာခရိုင် ကွန်မန်ဒိုတပ်မှူး ဦးစီး မုံရွာခရိုင်ကွန်မန်ဒိုတပ်ဖွဲ့၊ သပြေညိုပြောက်ကျား တပ်ဖွဲ့၊ Danger Force LPDF၊ မြင်းမူ လျှပ်စီးပြောက်ကျား တပ်ဖွဲ့တို့မှ နိုဝင်ဘာလ (၃)ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ရာ  ဘန်ကာ(၂)လုံး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency