စစ်အုပ်စုပိုင် ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးတွဲ လုပ်ဆောင်နေသည့် ကြေးနီစီမံကိန်းများ လည်ပတ်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက အသိပေး ထုတ်ပြန်

စစ်အုပ်စုပိုင် ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးတွဲ လုပ်ဆောင်နေသည့် ကြေးနီစီမံကိန်းများ လည်ပတ်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက အသိပေး ထုတ်ပြန်
ဧပြီ 20, 2022 | အခြားဒေသများ

စစ်အုပ်စုပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်နှင့် ယန်စီ၊ ဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲလုပ်ဆောင်သည့် စစ်ကိုင်းတိုင်းရှိ ဒေသတွင်း စီမံကိန်းများအား မည်သည့်အကြောင်းပြချက်နှင့်မျှ တော်လှန်ရေးကာလအတွင်း လုပ်ငန်းလည်ပတ်ခြင်းကို ခွင့်မပြုနိုင်ဟု ဒေသကာကွယ်ရေးတပ်များက ယနေ့ ဧပြီလ(၂၀)ရက်နေ့တွင် အသိပေး ထုတ်ပြန်လာသည်။



 

ထုတ်လုပ်မှုကို ယာယီရပ်နားထားသော ဒေသတွင်းကြေးနီစီမံကိန်းများအား ပြန်လည်စတင်ရန် ဆောင်ရွက်သည့် မည့်သည့်လုပ်ရပ်ကိုမဆို၊ မည်သည့် အဖွဲအစည်း၊ မည်သည့်လူပုဂ္ဂိုလ်ကိုမဆို တိုက် ခိုက်ရှင်းလင်း ဖယ်ရှားသွား၍ ကြေးနီစီမံကိန်းအား တိုက်ဖျက်သွားမည်ဟုဆိုသည်။

ဒါ့အပြင် စစ်အုပ်စုပိုင် ကုမ္ပဏီများတွင် လုပ်ကိုင်နေသော ပြည်သူများအနေဖြင့် မေလ(၅)နေ့ နောက်ဆုံးထားကာ CDM ဝင်ပေးကြရန်နှင့် စစ်ကောင်စီ၏ ဝင်ငွေရလမ်းများအား ပြည်သူများအနေဖြင့် မကူညီ၊ မထောက်ပံ့ခြင်းအားဖြင့် တော်လှန်ရေးကို ကူညီပေးရန် မေတ္တာရပ်ခံထားသည်။

 

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက်ဘဏ္ဍာ ရေသောက်မြစ် လက်တက်တခုကို ဆွဲနုတ်ဖယ်ရှားရန်အတွက် မည်သည့် တိုက်ခိုက်ရေး နည်းလမ်းများကိုမဆို စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်းကို ဒေသတွင်းကြေးနီ စီမံကိန်းများနှင့်ပတ်သတ်သူအားလုံးအား အသိပေးထားသည်။

ဒေသတွင်းကြေးနီ စီမံကိန်းသည် စစ်အာဏာရှင်တို၏ ကိုယ်ကျိုးစီးပွား သက်သက်ကိုသာကြည့်ပြီး တိုင်းပြည်အကျိုးနှင့် ဒေသခံပြည်သူများ၏ လူမှုဘဝ တိုးတက်ရေးကို ကိုယ်စားပြု လုပ်ဆောင် ထားခြင်းမရှိခဲ့ဘဲ စစ်အာဏာရှင်စနစ်၏ ဘဏ္ဍာရေသောက်မြစ်ထဲမှ  တစ်ခုဖြစ်ခြင်း၊ အာဏာရှင်ထိပ်သီးများနှင့် စစ်ခရိုနီများ၏ ခါးပိုက်ဆောင်စီမံကိန်း ဖြစ်ခြင်းတို့ကြောင့် ကြေးနီမံကိန်းများအား တိုင်း ပြည်အကျိုး၊ ဒေသခံပြည်သူများအကျိုး ရှိကြောင်းရှင်းလင်းစွာ ချပြနိုင်မှုမရှိခြင်း တို့ကြောင့် ဆက်လက်ဆန့်ကျင်သွားမည်ဟု ထုတ် ပြန်ထားသည်။

#TachileikNewsAgency