ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ယနေ့ညပိုင်းတွင် PDF များတိုက်ခိုက်

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ယနေ့ညပိုင်းတွင် PDF များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၆)နာရီဝန်းကျင်က တိုက်ခိုက်ရာ ရဲစခန်းမီးလောင်သွားပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကြောင့် အရပ်သားတချို့ဒဏ်ရာရထားကြောင်း သိရသည်။



ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ ညပိုင်းက ဖြစ်ပွားသည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ စက်သေနတ်များ နှင့် ပစ်ခတ်ခဲ့သည့်အပြင် Mi35 ရဟတ်ယာဉ်တစ်စီးဖြင့်ပါ (၁)နာရီကြာ ညောင်ပင်ကြီးရွာအနီးဝန်းကျင်များကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။



"ညောင်ပင်ကြီးရဲစခန်းကို PDFတွေဝင်စီးပြီး အားလုံးမီးရှို့လိုက်နိုင်ပြီ။ အခု ညောင်ပင်ကြီးရဲစခန်း မီးတွေအားချင်းလောင်နေတယ်။ လုပ်တာက အဖွဲ့ပေါင်းစုံဖြစ်တဲ့အတွက် လက်နက်က ဘယ်လောက်ရတယ်။ ဘာညာဆိုတာကတော့ ကျွန်တော်တို့ သတင်းမထုတ်ပြန်နိုင်သေးပါဘူးခင်ဗျ။"ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။



ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာပစ်ကူပေးခဲ့သဖြင့် ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျကာ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။



အဆိုပါပစ်ခတ်မှုကြောင့် ညောင်ပင်ကြီးရွာအနီးတဝိုက်ရှိ ကျေးရွာ (၁၀)ရွာဝန်းကျင်မှ ဒေသခံထောင်ချီ တိမ်းရှောင်နေကြရပြီး ဒေသခံ (၄)ဦးဝန်းကျင်မှာလည်း ဒဏ်ရာရထားသည်ဟု သိရသည်။



"ဒေသခံတွေကတော့ ထိခိုက်မှုတော့ရှိမယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ အချိန်ကလည်း မိုးချုပ်သွားပြီဖြစ်တဲ့အတွက်၊ နေရာကလည်း ကျယ်ပြန့်တယ်၊ လေ‌ယာဉ်ကလည်း ပတ်ပတ်လည်ကို ပစ်တယ်ဆိုတော့ကာ ဒေသခံဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ ကျွန်တော်တို့ အတိအကျ မပြောနိုင်သေးဘူးဗျ။"ဟု ချင်းတွင်းရိုးမ မဟာ မိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



ပစ်ခတ်မှုများမှာ ည(၇)နာရီဝန်းတွင် ငြိမ်သွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည့်အပြင် မုံရွာဘက်ကလည်း ရေလမ်းကြောင်းမှတဆင့် အင်အားထပ်ဖြည့်နေသည်ဟု သိရသည်။



#TachileikNewsAgency