နိုင်ငံ့အာဏာကို တပ်မတော်က တိုက်ရိုက် မအုပ်ချုပ်ဘဲ အရပ်သား အများစုကို တာဝန်ပေးထားသည်ဟု စစ်ဖက်နှင့်အရပ်ဖက်ပါ တစ်ယောက်တည်း အမိန့်ပေး အုပ်ချုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြော

နိုင်ငံ့အာဏာကို တပ်မတော်က တိုက်ရိုက် မအုပ်ချုပ်ဘဲ အရပ်သား အများစုကို တာဝန်ပေးထားသည်ဟု စစ်ဖက်နှင့်အရပ်ဖက်ပါ တစ်ယောက်တည်း အမိန့်ပေး အုပ်ချုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြော
ဒီဇင်ဘာ 14, 2021 | အခြားဒေသများ
By Tachileik News Agency

နိုင်ငံတော်၏ တာဝန်ကို အာဏာသိမ်းစစ်တပ်က တိုက်ရိုက်အုပ်ချုပ်နေခြင်းမဟုတ်ဘဲ အရပ်သားအများစုကိုသာ တာဝန်ပေးထားကြောင်း စစ်ဖက်နှင့်အရပ်ဖက်ပါ တစ်ယောက်တည်း အမိန့်ပေး အုပ်ချုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စကစ အစည်းအဝေးတွင် ပြောသည်။

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်ကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ယူထားခြင်းဖြစ်ပြီး တပ်မတော်က တိုက်ရိုက် မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အရပ်သားအများစုကိုသာ တာဝန်ပေးအပ်ထားခြင်းဖြစ်သည်

ဟု နိုင်ငံတော်၏ ဝန်ကြီးချုပ်ရာထူးရယူပြီး စစ်ဖက်နှင့်အရပ်ဖက်ပါ အုပ်ချုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

နေပြည်တော်ရှိ စကစ ရုံး၏ အစည်းအဝေးခန်းမတွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့က ပြုလုပ်သည့် အစည်းအဝေး၌ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်က တိုက်ရိုက်အုပ်ချုပ်ခြင်းမရှိဟု ပြောဆိုနေသော်လည်း တကယ်မြေပြင်၌ ခရိုင်/မြို့နယ် စကစ အဖွဲ့တွင် ဒုတိယဗိုလ်မှူးကြီး နှင့် ဗိုလ်မှူးအဆင့်ရှိသူများကို ထည့်သွင်းထားပြီး၊ ဒေသတိုင်းတွင် ဒေသ၏ အခြေအနေများကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက တပ်နယ်သို့ နေ့စဉ် အစီအရင်ခံရကြောင်း နှင့် စစ်တပ်က အစည်းအဝေးခေါ်ပါက ဌာနဆိုင်ရာ အကြီးအကဲများမှာ စစ်တပ်သို့ သွားရပြီး အစည်းအဝေး တက်ရောက်ရသည်များရှိကြောင်း သိရသည်။

နိုင်ငံ့အာဏာကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က စပြီး စစ်တပ်က သိမ်းလိုက်ပြီးနောက် အုပ်ချုပ်ရေးပိုင်းအပြင် ဌာနဆိုင်ရာများအထိ စစ်တပ်၏ အာဏာသက်ရောက်သွားပြီး အာဏာသိမ်းစစ်တပ်ကို အလိုမရှိ၍ ဆန့်ကျင်ကြသည့် ပြည်သူများအား စစ်တပ်က ဦးဆောင်ကာ ဖမ်းဆီးခြင်းများအထိ ပြုလုပ်နေခြင်းလည်းဖြစ်သည်။