ကျိုင်းတုံမြို့တွင် ပုဒ်မ ၅၀၅-က ဖြင့် ပထမဆုံး အမှုဖွင့်ခံရသူ (၃)ဦးကို ထောင်ဒဏ် (၃)နှစ်စီ ချမှတ်

ကျိုင်းတုံမြို့တွင် ပုဒ်မ ၅၀၅-က ဖြင့် ပထမဆုံး အမှုဖွင့်ခံရသူ (၃)ဦးကို ထောင်ဒဏ် (၃)နှစ်စီ ချမှတ်
အောက်တိုဘာ 15, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း ပုဒ်မ ၅၀၅-က ဖြင့် ပထမဆုံး အမှုဖွင့်ခံရသည့် လူငယ်(၃)ဦးကို ဖမ်းဆီးထားသည့် (၈)လကျော် အကြာတွင် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံများက ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ဆန္ဒပြပွဲအပြီး အပြန် လမ်းပေါ် တစ်နေရာတည်းတွင် ဖမ်းဆီးခံရသည့်  မောင်ဂျူးလီ၊ မယွန်းလဲ့နန္ဒာနှင့် မနန်းခမ်းဖူးမြတ် တို့ကို စစ်တပ်အား ဆန့်ကျင်မှုဖြင့်ဟုဆိုတာက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့် တက္ကသိုလ်ကျောင်းသား မောင်ဂျူးလီအား ဖမ်းဆီးစဉ် လိုင်စင်မဲ့ကားပါသည်ဟုဆိုကာ  ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ - ၈ဖြင့် ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ် သီးခြားလည်း သတ်မှတ်ထားသည်။

ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ(၉)ရက်နေ့က စတင်ကာ ဖမ်းဆီးသူများအနက် (၇)ဦးကို ထောင်တွင်း ထားရှိသည့် (၈)လကျော်ကာလဖြစ်သည့် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့တွင် ထောင်ဒဏ်(၃)နှစ်စီ အမိန့်ချရာတွင် မမီဆော (ခ)နန်းရှဲန်လာ၊ မချော (ခ) ဒေါ်ခင်မမလှိုင် ၊ ဦးမြင့်စိုး၊ ဦးမိုးအောင်၊ မောင်ဂျူးလီ၊ နန်းခမ်းဖူးမြတ် နှင့် ယွန်းလဲ့နန္ဒာ စုစုပေါင်း (၇)ဦး ဖြစ်သည်။

ကျိုင်းတုံမြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် ဖေဖော်ဝါရီလ(၁၄)ရက်နေ့အထိ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်သာ အမှုဖွင့်ခဲ့ရာမှ ဖေဖော်ဝါရီလ(၁၅)ရက်နေ့က စတင်ကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လာခြင်း ဖြစ်သည်။

ကျိုင်းတုံမြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရသည့် လူငယ်အများအပြားရှိနေသော်လည်း အာဏာသိမ်းအပြီး (၈)လကြာမှ (၇)ဦးကို အမိန့်ချခြင်းဖြစ်၍ ထောင်တွင်းတရားရင်ဆိုင်နေရသူ အများအပြားရှိနေသည်။

ကျိုင်းတုံအကျဉ်းထောင်တွင်း၌ တာချီလိတ်မြို့မှ ဖမ်းဆီးခံရပြီး အမိန့်မချသေးဘဲ လပေါင်းများစွာ မိသားစုနှင့်အဆက်အသွယ်မရရှိသေးသူ အများအပြားလည်း ရှိနေသေးသည်။

 

ဆက်စပ်သတင်း