တာချီလိတ်၊ ကျိုင်းတုံ နှင့် တောင်ကြီးတို့မှ  (၄)ဦးကို တပ်က နေအိမ်များအထိ ဝင်ရောက် ဖမ်းဆီး

တာချီလိတ်၊ ကျိုင်းတုံ နှင့် တောင်ကြီးတို့မှ  (၄)ဦးကို တပ်က နေအိမ်များအထိ ဝင်ရောက် ဖမ်းဆီး
ဖေဖော်ဝါရီ 9, 2021 | နိုင်ငံရေး| ရှမ်းရှေ့

အာဏာသိမ်း စစ်အုပ်စုအား ဆန့်ကျင်ကန့်ကွက်ရာတွင် ဦးဆောင်သူ နှင့် ပါဝင်သူများဟု ယူဆရသူများ နှင့် NLD ပါဝင်အချို့အား  ဖေဖော်ဝါရီလ(၉)ရက်နေ့အကူးပိုင်းတွင် လိုက်လံဖမ်းဆီးမှုများကို တစ်နိုင်ငံလုံးအနေဖြင့် စစ်တပ်က လုပ်ဆောင်နေရာ  ရှမ်းပြည်နယ်အတွင်း မြို့(၃)မြို့တွင် (၄)ဦး ဖမ်းခံရကြောင်း လတ်တလောတွင် သိထားရသည်။

လတ်တလော၌ သိရှိထားရသည့် ဖမ်းဆီးခံရသူများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် NLD ပါတီဝင် ဦးကျော်မြင့်၊ ကျိုင်းတုံမြို့တွင် မချော နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်နိုင်ငံ​ရေး အကျဥ်းသား​ဟောင်းများ အဖွဲ့မှ ကိုမြင့်​ဌေး (ခ) ကိုဘယ်​ကျော် လည်း ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ဖမ်းဆီးခံရသူ (၄)ဦးဟု သိထားရပြီး လူငယ်အဖွဲ့များလည်း ဖမ်းခံထားရသည်ဟု ကြားသိရသည့်အတွက် အတည်ပြုနိုင်ရန် တာချီလိတ်သတင်းအေဂျင်စီမှ စုံစမ်းနေလျက်ရှိသည်။

ရှမ်းပြည်နယ်အတွင်း မြို့များတွင် စစ်တပ် နှင့် ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီလ(၉)ရက်နေ့ အကူး နံနက်အစောပိုင်းတွင် အာဏာသိမ်း စစ်အုပ်စုအား ဆန့်ကျင်ကန့်ကွက်ရာတွင် ဦးဆောင်သူ နှင့် ပါဝင်သူများဟု ယူဆရသူများ နှင့် NLD ပါတီဝင် အချို့အား နေအိမ်များအထိ ဝင်ရောက်ကာ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း နှင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ လိုက်လံဖမ်းဆီးနေခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း၌ ယခုဖမ်းခံရသည့် (၄)ဦးထပ်ပို၍ ရှိနိုင်ကြောင်းလည်း သိရှိရသည်။



Tachileik News Agency