မယ်ဆိုင်ချောင်းမှ တရားမဝင် ကူးလာသူများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ မပါဝင်လာရေးအတွက် မယ်ဆိုင်ချောင်းတစ်လျှောက် တာချီလိတ်ဘက်က လုံခြုံရေးစောင့်ကြည့်

မယ်ဆိုင်ချောင်းမှ တရားမဝင် ကူးလာသူများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ မပါဝင်လာရေးအတွက် မယ်ဆိုင်ချောင်းတစ်လျှောက် တာချီလိတ်ဘက်က လုံခြုံရေးစောင့်ကြည့်
မတ် 30, 2020
By Tachileik News Agency
မယ်ဆိုင်ချောင်းမှ တရားမဝင် ကူးလာသူများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ မပါဝင်လာရေးအတွက် မယ်ဆိုင်ချောင်းတစ်လျှောက် တာချီလိတ်ဘက်က လုံခြုံရေးစောင့်ကြည့်

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ထိန်းချုပ်ကာကွယ်နေသည့် ကာလအတွင်း၌ မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းမှတစ်ဆင့် တာချီလိတ်ဘက်သို့ တရားမဝင် ဝင်ရောက်လာမှု မရှိစေရေးအတွက် မယ်ဆိုင်ချောင်းတစ်လျှောက်တွင် ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြပ်နေကြောင်း သိရသည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအား ထိုင်းနိုင်ငံဘက်က ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွက် ၂၀၂၀ ခုနှစ် မတ်လ(၂၃)ရက်နေ့က စတင်ပိတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံအတွင်း တရားမဝင် သွားရောက်သူများ နှင့် ရက်ကျော်နေထိုင်သူများက မယ်ဆိုင်ချောင်းမှ တစ်ဆင့်ဖြတ်ကူးကာ ခိုးဝင်တတ်သဖြင့် ယင်းကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ ချောင်းမှတစ်ဆင့် ဖြတ်ကူးလိုသူများများကို မယ်ဆိုင်ဘက်ရှိ မြန်မာနိုင်ငံသား အချို့က တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၄၀၀)အထိ ကောက်ခံကာ ချောင်းကူးနိုင်ရန် စီစဉ်ပေးမှုများရှိနေကြောင်း သိရသည်။

"ချောင်းကနေ ကူးလာတဲ့သူတွေဆီကနေ ဗိုင်းရပ်စ်တွေ မပါလာဘူးလို့လည်း မပြောနိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ရပ်ကွက်မှာတော့ တရားမဝင် ကူးလာမှုတွေ မရှိရေးအတွက် စောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့ရက်က တံတားပေါ်မှာ လက်ခံတုန်းက မလာကြဘဲ အခုမှ ချောင်းက ကူးလာကြတော့ အတော်စိုးရိမ်ရတယ်"ဟု လုံခြုံရေးတာဝန်ယူထားသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

မယ်ဆိုင်ချောင်းမှ တစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများထံမှ ကိုရိုနာဗိုင်းရပ်စ်ပိုးများ ပါလာမည်ကို ဒေသခံများက စိုးရိမ်နေသည့်အတွက် တာချီလိတ်ဘက်တွင် မယ်ဆိုင်ချောင်းတစ်လျှောက်နှင့် ဆက်စပ်နေသည့် ရပ်ကွက်များက ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြပ်မှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။

တာချီလိတ်ဘက်ရှိ နယ်စပ်တံတားများကို မတ်လ (၂၃)ရက်နေ့ကတည်းက ပိတ်လိုက်ခြင်းဖြစ်သော်လည်း နယ်စပ်ဂိတ်အထိ ရောက်လာကြသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန်များကြောင့် မတ်လ (၂၉)ရက်နေ့အထိ (၆)ကြိမ်တိုင်တိုင် နှစ်နိုင်ငံညှိနှိုင်းလက်ခံထားရခြင်းဖြစ်သော်လည်း လက်ရှိအချိန်တွင် မယ်ဆိုင်ဘက်၌လည်း အတည်ပြုလူနာတွေ့ထားပြီဖြစ်၍ ထပ်မံလက်ခံတော့မည်မဟုတ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း၌ ၂၀၂၀ခုနှစ် မတ်လ(၂၉)ရက်နေ့ ညပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၃၈၈)ဦးရှိသည့်အနက် သက်သာပျောက်ကင်းသူမှာ (၁၁၁)ဦးနှင့် သေဆုံးသူမှာ (၇)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~