ရှမ်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း(၂)ခုက ဦးဆောင်ပြုလုပ်သော မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် (၃)ဘာသာ ပါဝင်သည့် တာချီလိတ်မြို့ဝင် ဆိုင်းဘုတ် ဆောက်လုပ်ပြီးစီး

ရှမ်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း(၂)ခုက ဦးဆောင်ပြုလုပ်သော မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် (၃)ဘာသာ ပါဝင်သည့် တာချီလိတ်မြို့ဝင် ဆိုင်းဘုတ် ဆောက်လုပ်ပြီးစီး
ဧပြီ 1, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် (၃)ဘာသာဖြင့် ပြုလုပ်နေသည့် မြို့ဝင်ဆိုင်းဘုတ်း ပြီးစီးပြီဖြစ်၍ ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ဆိုင်းဘုတ်ဖွင့်ပွဲ ကျင်းပပြုလုပ်သည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာအနီး တာချီလိတ် - ကျိုင်းတုံသွားလမ်းဘေးတွင် မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် (၃)ဘာသာဖြင့် ဖော်ပြထားသည့် မြို့ဝင်ဆိုင်းဘုတ်ကို ပြုလုပ်ထားခြင်းဖြစ်သည်။

အဆိုပါ ဆိုင်းဘုတ်အား တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း နှင့် တာချီလိတ်ရှမ်းလူငယ်အဖွဲ့(TYO)တို့က အဓိက ဦးဆောင်ပြီး စေတနာရှင်များဖြင့် စုပေါင်းကာ လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။



တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း မြို့ဝင်ဆိုင်းဘုတ်များအား မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် ရေးသားဖော်ပြမှုကို NLD အစိုးရလက်ထက်က ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ရက်(၁၀၀)စီမံချက်ဖြစ်သည့် ၂၀၁၆ခုနှစ်အတွင်းက စတင်ကာ လုပ်ဆောင်လာခဲ့ရာတွင် တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်အား မြန်မာ - ရှမ်းနှစ်ဘာသာဖြင့် ပြုလုပ်ထားရှိပြီး ဝေဖန်သံများ ထွက်ပေါ်လာ၍ စာသားများကို ပြန်လည်ဖျက်လိုက်မှုကြောင့် တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်သည် ၂၀၁၆ခုနှစ် ဇွန်လ(၂၂)ရက်နေ့က မီးရှို့ခံရပြီးနောက် ၂၀၁၉ခုနှစ် မတ်လအထိ တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်အား မင်္ဂလာပါ ဟု ရေးသား၍ ထားရှိထားသည်။

ဆက်လက်၍ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျိုင်းတုံလမ်းဆုံ(free way )လမ်းသားတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လမ်းနယ်နှင့်မလွတ်ကင်း၍ဟု သတ်မှတ်ကာ မြို့ဝင်ဆိုင်းဘုတ်အား   တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၂၀ခုနှစ် ဇွန်လ(၅)ရက်နေ့က အပြီးဖယ်ရှားလိုက်သည့်အတွက် တာချီလိတ် - ကျိုင်းတုံအဝင် တာချီလိတ်မြို့အဝင်ဆိုင်းဘုတ်မရှိတော့ဘဲ "ရှမ်းပြည်နယ် တာချီလိတ်မြို့မှ နှုတ်ခွန်းဆက်သပါသည်"ဆိုသည် မုခ်ဦးတစ်ခုသာ ဆက်လက်ရှိနေသည်။ 

 

ယခုအခါမှာ တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်အဖြစ် တာချီလိတ် - ကျိုင်းတုံအဝင်ဖြစ်သည့် တာချီလိတ်မြို့အဝင်တွင် မိုင်းကိုးကျေးရွာအုပ်စုအတွင်း လမ်းမကြီးဘေးတွင် မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် (၃)ဘာသာဖြင့် ရှိပြီး တာချီလိတ် - မိုင်းဆတ်အဝင်ဖြစ်သည့် တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်သည် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ပုန်းထွန်ချောင်း(လွယ်တော်ခမ်းချောင်း)ထိပ် လမ်းဘေးတွင် မြန်မာ - အင်္ဂလိပ် (၂)ဘာသာဖြင့် ရှိသည်။