တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို ထပ်မံ ဖမ်းဆီး၊ တစ်နေ့တာအတွင်း (၇)ဦး ဖမ်းဆီးခံထားရ

တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို ထပ်မံ ဖမ်းဆီး၊ တစ်နေ့တာအတွင်း (၇)ဦး ဖမ်းဆီးခံထားရ
စက်တင်ဘာ 24, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ စက်တင်ဘာလ(၂၄)ရက်နေ့၌ နံနက်ပိုင်းက ဖမ်းခံရသည့်  ကျော်စွာဦး (ခ)ကျော်ကြီး(ခ)တင်မိုးလင်း နှင့် ပတ်သက်သည်ဟုဆိုကာ စိုင်းဘို ဆိုသူအား အရပ်ဝတ်များဖြင့် ရဲများက ညနေပိုင်းတွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သူ့ကို ညနေ(၃)နာရီခွဲလောက်မှာ ဖမ်းသွားတာတွေ့လိုက်ရတယ်။ လာဖမ်းတာ (၅)ယောက်လောက်ပဲ။ အာရဖတ်အဖြူရောင်နဲ့

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်းဈေးအနီးတွင် နေထိုင်သူ ကျော်စွာဦး (ခ)ကျော်ကြီး(ခ)တင်မိုးလင်း ဆိုသူ ဖမ်းဆီးခံရပြီး ၎င်း၏ အနီးတွင် နေထိုင်သူ  စိုင်းဘို (ခ) ကိုခင်မောင်ရီအား ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာလ(၂၄)ရက်နေ့တစ်နေ့တာအတွင်း  Tachileik News Agency မှ  စုံစမ်းသိရထားသည့် ဖမ်းဆီးခံရသူ (၇)ဦးတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်းမှ သီဟစိုး၊ အငယ်လေး နှင့် အိပြုံး   အပြင် ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းဈေးအနီးမှ ကျော်စွာဦး (ခ)ကျော်ကြီး(ခ)တင်မိုးလင်းတို့ ဖြစ်ပြီး ညနေပိုင်းတွင် ထပ်မံ စုံစမ်းသိရှိရသည့် နောက်တိုး (၃)ဦးမှာ တာချီလိတ် ဝမ်ကောင်းရပ်ကွက် ကချင်ရွာအတွင်းနေ Piglay (ခ) ထက်ချိုလွင်ဆိုသူ နှင့် ဇော်လင်းထွန်း အပြင် ဆန်ဆိုင်း(က)ရပ်ကွက်မှ စိုင်းဘို (ခ) ကိုခင်မောင်ရီတို့  ဖြစ်ကြောင်း သိရသည်။   

ဖမ်းဆီးထားသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး လတ်တလော ထွက်ဆိုချက်များအရ ၎င်းတို့ အဓိက လိုအပ်နေသူများကို ရှာဖွေခြင်း Facebook ကနေ ဖမ်းဆီးခံရသူများအဖြစ် ဟန်ဆောင်ပြီး စကားပြောမှုများ၊ အပြင်တွင် တွေ့ရန် ပြောဆိုမှုများအဖြစ် ဖုန်းဆက်ခိုင်းမှုများပါ လုပ်ဆောင်နေကြောင်းလည်း သိရသည်။ 

 

ဆက်စပ်သတင်းများ

တာချီလိတ်မြို့တွင်  စစ်တပ်ကို ဆန့်ကျင်သည်ဟုဆိုကာ သံယသဖြင့် လူငယ်(၄)ဦးအား ရဲက ဖမ်းဆီး

တာချီလိတ်မြို့တွင် တစ်နေ့တည်း လူငယ်(၆)ဦး ဖမ်းဆီးခံထားရပြီး Facebook ကနေ မျှားခေါ်နေ