တာချီလိတ်မြို့တွင်  စစ်တပ်ကို ဆန့်ကျင်သည်ဟုဆိုကာ သံယသဖြင့် လူငယ်(၄)ဦးအား ရဲက ဖမ်းဆီး

တာချီလိတ်မြို့တွင်  စစ်တပ်ကို ဆန့်ကျင်သည်ဟုဆိုကာ သံယသဖြင့် လူငယ်(၄)ဦးအား ရဲက ဖမ်းဆီး
စက်တင်ဘာ 24, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက် (၂)ခုအတွင်းမှ လူငယ်(၄)ဦးကို အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ရဲတပ်ဖွဲ့များက ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီကြားအတွင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Tachileik News Agency မှ လက်ရှိ စုံစမ်းသိရထားသည့် ဖမ်းဆီးခံရသူများတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်းမှ သီဟစိုး၊ အငယ်လေး နှင့် အိပြုံး   အပြင် ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းဈေးအနီးမှ ကျော်စွာဦး (ခ)ကျော်ကြီး(ခ)တင်မိုးလင်းတို့ ပါဝင်သည်။

ကျော်ကြီးကို ကားအမဲရောင်နဲ့ လာဖမ်းတာ။  အရပ်ဝတ်နဲ့က (၃)ယောက်ပါတယ်။ ကားနောက်မှာ မိန်းမတစ်ယောက်ပါလာတာတွေ့တယ်။ အဲ့မိန်းမလည်း ဖမ်းခံထားရတာလားတော့မသိဘူး။ ဆိုင်ကယ်ခိုးတာတို့ လုယက်တာတို့ကြတော့ မဖမ်းဘူး ဆန္ဒပြတာတော့ ဖမ်းတယ်၊

ဟု ဆန်ဆိုင်းဈေးအနီး ဖမ်းဆီးမှုနှင့် ပတ်သက်၍ တွေ့ရှိခဲ့သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဝမ်မိုင်ရွာအတွင်းမှ သီဟစိုး၊ အငယ်လေး နှင့် အိပြုံးတို့အား ဖမ်းဆီးထားပြီး ၎င်းတို့၏ ဖုန်း နှင့် Facebook များသို့ ဆက်သွယ်လာသူများကို ဟန်ဆောင်ပြီး လိမ်ပြောခိုင်းမှုများ ရှိနေသည့်အတွက် ၎င်းတို့အကောင့် နှင့် ဖုန်းများကနေ ဆက်သွယ်လာပါက လက်မခံပဲ Block ကြရန်လည်း နီးစပ်သူများက အသိပေးထားကြသည်။

ဝမ်မိုင်ထဲမှာ ရဲတွေ လာဖမ်းသွားတယ်။ ဘာကြောင့်လဲတော့မသိဘူး။ အာရဖတ်ကားနဲ့လာသွားတာ။ ကားထဲမှာ ဖမ်းထားတဲ့ ကောင်မလေးတွေကို တွေ့လိုက်တယ်။

ဟု မြင်တွေ့ရသူ တစ်ဦးက ပြောပြသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီး (၇)လကျော်ကြာသည်အထိ စစ်အာဏာရှင်ဆန့်ကျင်သူများ နှင့် မဆန့်ကျင်သူများကိုလည်း စွပ်စွဲဖမ်းဆီးမှုများရှိနေသော်လည်း တာချီလိတ်မြို့တွင် နေ့စဉ်ဖြစ်ပွားနေသည့် ခိုးမှု လုယက်မှုများနှင့် ပတ်သက်ပြီး ကျူးလွန်သူကို သိရသော်လည်း တာချီလိတ်ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း မပြုလုပ်ဘဲ မျက်ကွယ်ပြုထားပေးသည်ဟု ဒေသခံများက ဆိုသည်။