တာချီလိတ်မြို့တွင် အမှိုက်သိမ်းကုမ္ပဏီက လက်ရှိတိုးမြှင့်ကောက်ခံထားသည့် အမှိုက်သိမ်းခထက် ပို၍ လာမည့်လတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး အမှိုက်သိမ်းခ မပေးပါက အမှိုက်မသိမ်းပေး

တာချီလိတ်မြို့တွင် အမှိုက်သိမ်းကုမ္ပဏီက လက်ရှိတိုးမြှင့်ကောက်ခံထားသည့် အမှိုက်သိမ်းခထက် ပို၍ လာမည့်လတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး အမှိုက်သိမ်းခ မပေးပါက အမှိုက်မသိမ်းပေး
စက်တင်ဘာ 21, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စည်ပင်သာယာရေးနယ်နမိတ်အတွင်း အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပုဂ္ဂလိကကုမ္ပဏီ UBL က လက်ရှိတိုးမြှင့်ကောက်ခံထားသည့် အမှိုက်ခွန်ကို လာမည့်လအတွင်း ထပ်မံတိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အမှိုက်သိမ်းခမပေးသူများကို အမှိုက်မသိမ်းပေးဟု သိရသည်။

အရင်တုန်းက ဘတ် (၅၀) ပဲ ကောက်တာတောင် အိမ်တိုင်ရာရောက် ဖြတ်ပိုင်းလေးနဲ့ လာကောက်တာ။ အခု ကျတော့ ဘတ်(၈၀)ကောက်တယ်ပေါ့နော်။ ပြီးတော့လည်း အဝေးမှာ သွားဆောင်ရတယ်။ အဝေးကြီး သွားဆောင်ရလည်း ဘာမှမပြောပါဘူး။ သွားဆောင်ပေးလိုက်တယ်။ အခုက အောက်တိုဘာလကျရင် ထပ်တိုးကောက်မယ်လို့ ပြောတယ်။ တစ်ထပ်တိုက်ဆိုရင် ဘတ်(၁၂၀)၊ နှစ်ထပ်တိုက်နဲ့ နေတဲ့လူဆိုရင် (၁၅၀)ကောက်မယ်လို့ ပြောတယ်။ တချို့လည်း အဝေးကြီးသွားဆောင်ရတော့ ဆိုင်ကယ် Taxi ခလည်း အသွားအပြန် (၅၀) လောက် ကုန်တယ်။

ဟု ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၂၁)ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် အမှိုက်သိမ်းခကို တိုးမြှင့်ကောက်ခံသည့်အပြင် ယခင်ကကဲ့သို့ အမှိုက်သိမ်းခကို လိုက်လံကောက်ခံပေးခြင်းမပြုတော့ဘဲ ရုံးသို့လာရောက်ပေးဆောင်စေသည့်အတွက် အမှိုက်သိမ်းခပေးရန် အခက်အခဲရှိသူအချို့က ပေးဆောင်ခြင်း မပြုတော့ရာ ကုမ္ပဏီကလည်း အမှိုက်မသိမ်းဘဲနေသဖြင့် လမ်းကြိုလမ်းကြားအချို့တွင် အမှိုက်ပုံများဖြစ်နေသည်ဟု သိရသည်။

တချို့က ဈေးလည်းတက်တယ်။ ဝေးလည်းဝေးတယ်ဆိုတော့ လူတကာက ကိုယ့်အိမ်ရှေ့ အမှိုက် မရှိရင်ပြီးရောဆိုပြီး တစ်နေရာမှာ စုပုံကြတာ။ တစ်ချို့လည်း ဆိုင်ကယ်နဲ့လာပြီး စွန့်ပစ်ကြတာ။ အမှိုက်သိမ်းခ မပေးတော့ အမှိုက်ကားက မသိမ်းသွားဘူး ဒီနေ့ဆို အမှိုက်တွေ အတော်များနေပြီ

ဟု ဒေသခံတစ်ဦးက ပြောသည်။

အချို့က အမှိုက်သိမ်းခ မပေးတော့ဘဲ အမှိုက်များကို နီးစပ်ရာများသို့ ဆိုင်ကယ်ဖြင့် သွားရောက်စွန့်ပစ်နေကြပြီး ဝမ်ကောင်းဈေးအမှိုက်ပုံတွင် လာရောက်စွန့်ပစ်နေသူများလည်း ရှိနေ၍ ဈေးအမှိုက်ပုံကို အစောင့်ထားရှိစောင့်ကြည့်နေရကြောင်း သိရသည်။

အမှိုက်သိမ်းခ တိုးမြှင့်ကောက်ခံခြင်းနှင့် အမှိုက်သိမ်းခကို ရုံးသို့လာရောက် ပေးဆောင်စေခြင်းများနှင့်ပတ်သက်၍ အမှိုက်သိမ်း ကုမ္ပဏီနှင့် စည်ပင်သာယာရေးဌာနတို့က အများပြည်သူအား ရှင်းလင်းခြင်းမရှိကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် UBL ကုမ္ပဏီက ပုဂ္ဂလိက အမှိုက် နှင့် မိလ္လာသိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။

ကျိုင်းတုံမြို့တွင်လည်း အမှိုက်သိမ်းခွင့်ရ ပုဂ္ဂလိက ကုမ္ပဏီက အမှိုက်သိမ်းခကို နှစ်ဆတိုးမြှင့်ကောက်ခံမည်ကို စည်ပင်သာယာရေးဌာနက ယခင်ကထက် (၁၀၀၀) သာတိုးမြှင့်ကောက်ခံရန် ကြားဝင်ညှိနှိုင်းပေးသည်ဟု သိရသည်။

#TachileikNewsAgency

 

ဆက်စပ်သတင်း

တာချီလိတ်မြို့ မကာဟိုခမ်း ယာမြေကုန်းတွင် အမှိုက်လာမသိမ်းသည်မှာ (၁၀)ရက်ကျော် ကြာမြှင့်နေ

တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနမှ လုပ်ကိုင်ခွင့်ပေးထားသည့်  ပုဂ္ဂလိက ကုမ္ပဏီက အမှိုက်ခွန်ကို  တိုးမြှင့် ကောက်ခံ 

ရှမ်းပြည်နယ် စည်ပင် နှင့် မင်းခေတ်သစ်၊ UBL ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို