တာချီလိတ်မြို့ မကာဟိုခမ်း ယာမြေကုန်းတွင် အမှိုက်လာမသိမ်းသည်မှာ (၁၀)ရက်ကျော် ကြာမြှင့်နေ

တာချီလိတ်မြို့ မကာဟိုခမ်း ယာမြေကုန်းတွင် အမှိုက်လာမသိမ်းသည်မှာ (၁၀)ရက်ကျော် ကြာမြှင့်နေ
သြဂုတ် 14, 2021

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ သာသနာရေးမှူးရုံးအနောက်ဘက်ရှိ  ယာမြေကုန်းတစ်ခုလုံးတွင် အမှိုက်များ လာရောက်မသိမ်းယူသည်မှာ (၁၀)ရက်ကျော်ကြာနေပြီဖြစ်၍ အနံ့အသက်ကြောင့် အနီးအနားရှိ ဆိုင်အချို့ ပိတ်ထားရသလို ကျန်းမာရေးထိခိုက်မှုများရှိနေကြောင်း သိရသည်။

အဓိက ကတော့ အိမ်တိုင်းအခွန်သွား မဆောင်လို့တဲ့။ အိမ်တိုင်းအခွန်ဆောင်ရအောင်လည်း တချို့က အဲ့ဒီ အခွန်ဆောင်တဲ့နေရာကို မသိတာရယ်။ တချို့ မကျန်းမာဘဲ အဘိုးအဘွားတွေပဲ နေတဲ့အိမ်တွေရယ် အဲ့လိုလူတွေများတဲ့အခါကြတော့ သွားမဆောင်နိုင်ကြဘူး။ သူတို့က အဲ့လိုပဲ အခွန်မဆောင်လို့ဆိုပြီး အမှိုက်ကို မသိမ်းဘဲ ဒီအတိုင်းပဲ နေတော့မှာလား နေလို့ရလား

ဟု ယာမြေကုန်းတွင် နေထိုင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၁၄)ရက်နေ့တွင် ပြောသည်။

ယခင်က တစ်အိမ်တက်ဆင်း အမှိုက်ခများကောက်ခံသော်လည်း ယခုအခါမှာ အမှိုက်သိမ်းခများကို တစ်အိမ်တက်ဆင်း မကောက်တော့ဘဲ ရုံးသို့ လာရောက်ဆောင်ခိုင်းလိုက်ပြီးနောက်တွင် ယခုလို ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

အရင်တုန်းကတော့ သူတို့တွေ အိမ်တိုင်ရာရောက်လိုက်ပြီးတော့မှ ကောက်ခံတယ်။ အခုတော့ အိမ်တိုင်ရာရောက် မကောက်ခံနိုင်တော့ဘူးတဲ့။ အဲ့ဆိုရင်လည်း အဲ့လို လိုက်ကောက်ပေးနိုင်တဲ့ တာဝန်ခံနိုင်တဲ့ လူကို ငှားပြီးတော့မှ ပုပ်ပြတ်ပေးပြီးတော့မှ လိုက်ကောက်ခိုင်းသင့်တယ်

ဟု ၎င်းက အကြံပြုပြောဆိုသည်။

ယာမြေကုန်းတွင် နေအိမ်များ၏ အမှိုက်များကို အမှိုက်သိမ်းခမရ၍ မသိမ်းပေးသော်လည်း အမှိုက်သိမ်းခပေးသည့် လောင်းကစားဂိမ်းလုပ်ငန်း၏ နေအိမ်မှ အမှိုက်များကိုတော့ သိမ်းပေးသွားကြောင်း နှင့် ယခုဖြစ်ပေါ်နေသည့်အမှိုက်များကို မသိမ်းပါက အနီးနေသူများက ပစ်လို့ရသည့်နေရာများတွင် ဆက်လက်ပစ်သွားနိုင်ကြောင်း ဆိုသည်။

ပိုက်ဆံပေးထားတဲ့ အဲ့ဒီနားက ဂိမ်းခုံဖွင့်ထားတဲ့ နေရာအထိတော့ အဲ့ဒီက အမိုက်တွေကိုတော့ လာလာသယ်ပေးတယ်။ ကျန်တဲ့ ဒီကုန်းပေါ်က အမှိုက်တွေကို လုံးဝ မသယ်ဘူး။ အမှိုက်ကားမလာတဲ့အခါကြတော့ လူတွေက အမှိုက်ပစ်လို့ရတဲ့ ပုံလို့ရတဲ့နေရာမှာပဲ သွားစုပြုံပြီး ပစ်ကြတယ်။ အမှိုက်တွေ အများကြီး လမ်းတွေလည်း ပိတ်နေတယ်။ ဒီနားမှာ မကျန်းမာတဲ့သူတွေလည်း များတယ်။ အားလုံးက စိတ်ဆင်းရဲနေကြတာ။ အမှိုက်လာ မသိမ်းရင်တော့ လူတွေက ပစ်လို့ရတဲ့နေရာတွေမှာ လျှောက်သွားပစ်နေကြမှာပဲ။ ဆယ်အိမ်မှူးကနေ တဆင့် ရပ်ကွက်လူကြီးကို တင်ပြတဲ့အခါမှာလည်း သူတို့နဲ့ ညှိပြီးပြီ ပြောပေမဲ့ လာမသိမ်းသေးဘူး။

ဟု ယာမြေကုန်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း အချို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်နှင့် စည်ပင်သာယာဈေးအတွင်း အမှိုက်သိမ်းခြင်းကိုသာ စည်ပင်သာယာရေးဌာနက ကိုယ်တိုင်ဆောင်ရွက်ကာ လူနေရပ်ကွက်အတွင်း အမှိုက်သိမ်းခြင်းကို ပုဂ္ဂလိကကုမ္ပဏီဖြစ်သည့် UBL ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီက ဇူလိုင်လမှစ၍ အမှိုက်သိမ်းခများကို ယခင်ကကဲ့သို့ အိမ်တိုင်ရာရောက် ကောက်ခံတော့မည် မဟုတ်ဘဲ ရုံးသို့လာပေးကြရန်နှင့် အမှိုက်သိမ်းခများကိုလည်း ယခင်သတ်မှတ်ဈေးနှုန်းထက် တစ်ဆမှ နှစ်ဆအထိ တိုးမြှင့်ကြောင်းကိုလည်း ကြိုတင်အသိပေးထားကြောင်း နှင့် ၎င်းတို့ရုံးအား တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း အုန်းခြံလမ်း အမှတ်(၉/၁၄-၁၅)တွင် ဖွင့်လှစ်ထားသည်ဟု သိရသည်။