တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနမှ လုပ်ကိုင်ခွင့်ပေးထားသည့်  ပုဂ္ဂလိက ကုမ္ပဏီက အမှိုက်ခွန်ကို  တိုးမြှင့် ကောက်ခံ 

တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနမှ လုပ်ကိုင်ခွင့်ပေးထားသည့်  ပုဂ္ဂလိက ကုမ္ပဏီက အမှိုက်ခွန်ကို  တိုးမြှင့် ကောက်ခံ 
ဇွန် 18, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနထံမှ အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပုဂ္ဂလိက UBL ကုမ္ပဏီ က ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစ၍ အမှိုက်သိမ်းခကို တိုးမြှင့်သတ်မှတ်လိုက်ပြီး ယခင်ကဲ့သို့ အမှိုက်ခများ လိုက်လံကောက်ခံတော့မည်မဟုတ်ဘဲ ကုမ္ပဏီရုံးခန်းသို့ လာရောက်ပေးဆောင်ကြရမည်ဟု အသိပေးထားကြောင်း သိရသည်။

"အိမ်အထိလည်း ပိုက်ဆံလာမကောက်။ ရုံးအထိသွားပေးရမယ့်အပြင် အဲဒီလောက်ခက်ခဲနေတဲ့အချိန်မှာ စျေးတစ်ဝက် ထပ်တက်တယ်။ ဒါက တစ်အိမ်ထဲမဟုတ်ဘူးနော်။ တာချီလိတ်တစ်မြို့လုံးတက်တာဆို ဘယ်လောက်တောင်ဖြစ်သွားမလဲ စဥ်းစားကြည့်ပါဦး။ အခုလို ကာလထဲမှာ အဆင်မပြေသူတွေက များနေတယ်လေ။ မကိုက်ဘူးဆိုရင် မလုပ်နဲ့ပေါ့။ လုပ်ချင်သူတွေရှိတာပဲ။ အရင်တုန်းက ချစ်ကြည်ရေးတံတားဆိုလည်း လေလံအပြိုင်ခေါ်ကြတာပဲ။ မကိုက်ဘူးဆိုတဲ့လူတွေတောင် လေလံမရတော့ဘဲ တခြားလူတွေရသွားတဲ့ သာဓကတွေ ရှိခဲ့တာပဲ။ အခုလည်း အမှိုက်ကို မကိုက်လို့ဆိုရင် မလုပ်ဘဲ သူများကို ပေးလိုက်ပေါ့။ အခုတော့ မကိုက်လို့ဆိုပြီး ငွေတိုးကောက်တာကတော့ မဖြစ်သင့်ပါဘူး။ ခေတ်ကာလ အခြေအနေကိုလည်း ပြန်ကြည့်သင့်တယ်မဟုတ်လား" ဟု မကာဟိုခမ်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း အချို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်နှင့် စည်ပင်သာယာဈေးအတွင်း အမှိုက်သိမ်းခြင်းကိုသာ စည်ပင်သာယာရေးဌာနက ကိုယ်တိုင်ဆောင်ရွက်ကာ လူနေရပ်ကွက်အတွင်း အမှိုက်သိမ်းခြင်းကို ပုဂ္ဂလိကကုမ္ပဏီဖြစ်သည့် UBL ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီက လာမည့်ဇူလိုင်လမှစ၍ အမှိုက်သိမ်းခများကို ယခင်ကကဲ့သို့ အိမ်တိုင်ရာရောက် ကောက်ခံတော့မည် မဟုတ်ဘဲ ရုံးသို့လာပေးကြရန်နှင့် အမှိုက်သိမ်းခများကိုလည်း ယခင်သတ်မှတ်ဈေးနှုန်းထက် တစ်ဆမှ နှစ်ဆအထိ တိုးမြှင့်ကြောင်းကို ဇွန်လအတွက် အမှိုက်သိမ်းခကောက်သည့်စာရွက်တွင် ရေးသားပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

"အမှိုက်ခတွေကတော့ ဟိုးအရင်ကတည်းက ကောက်ချင်သလိုတွေ ကောက်နေကြတယ်ဆိုတာကို ကြားနေရတယ်။  လမ်းကြားနဲ့ လမ်းထိပ်တောင် မတူဘူး။ အခုလည်း တိုးကောက်တာကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနကရော သိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။ အလားတူပဲ ကုမ္ပဏီဘက်ကလည်း အခုလို တိုးကောက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး စာရွက်တွေပေါ်မှာ ရေးခဲ့လိုက်ရုံနဲ့ ရတာမဟုတ်ဘူး။ ဘာကြောင့် တိုးကောက်ပါတယ်။ ရုံးမှာ ဘာလို့ လာဆောင်ခိုင်းတာပါ စသည်ဖြင့်ပေါ့လေ။ ဒီလိုလေးတွေ ဒေသခံတွေကို လေးစားသမှုနဲ့ ချပြသင့်တာပေါ့။ အမှိုက်နဲ့ပတ်သက်ပြီး စည်ပင်သာယာရေးဌာနက တာဝန်ရှိသူတွေက ဘယ်လိုတွေ သတ်မှတ်ပေးထားသလဲဆိုတာကိုလည်း အသိပေးဖို့လိုတယ်။"ဟု အမည်မဖော်လိုသူ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

COVID 19 ကာလအတွင်း စစ်အာဏာသိမ်းမှုကြောင့် အခက်အခဲဖြစ်နေကြသည့် ကာလအတွင်း စည်ပင်သာယာရေးဌာနမှ အမှိုက်ခွန်တိုးမြှင့်ကောက်ခံခြင်းအပြင် အမှိုက်ခွန်အား ကျပ်ငွေအစား ဘတ်ငွေဖြင့်ကောက်ခံခြင်းများနှင့် ပတ်သက်၍ ပြည်သူများအား ရှင်းလင်းသင့်သည်ဟု ဒေသခံများကဆိုသည်။

" သူတို့က (လုပ်ကိုင်ခွင့်ရကုမ္ပဏီ) တစ်ဦးတည်းရှိတယ်ဆိုပြီး ကောက်ချင်သလို ကောက်မယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ စည်ပင်က ချပေးတဲ့လေလံအတိုင်းပဲ သွားရမှာလေ။  သူတို့ လေလံယူကတည်းက စည်ပင်က အိမ်တစ်အိမ်အတွက် ဘယ်လောက်၊ အခန်းငှားအတွက် ဘယ်လောက်ဆိုပြီး ချုပ်ထားတာလဲ သိချင်တယ်။ ပြီးတော့ ဘတ်ငွေနဲ့ပဲ ဆောင်ရမှာလား။ ကျပ်ငွေနဲ့ အဓိကထားပြီး ကောက်စေချင်တယ်။ အဲဒါတွေက သူတို့ စိတ်တိုင်းကျ လုပ်နေကြတယ်။ သဘောက မြန်မာပြည်ဖြစ်တဲ့အတွက် အခွန်ငွေကို ကျပ်နဲ့ပဲ သတ်မှတ်စေချင်တယ်"ဟု မယ်ခေါင်ရပ်ကွက်နေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကိစ္စများကြောင့် အမှိုက်သိမ်းလုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ တာဝန်ရှိသည့် စည်ပင်သာယာရေးဌာနကို တာချီလိတ်သတင်းအေဂျင်စီက မေးမြန်းနိုင်ရန် သတင်းဌာနတွင် ဖော်ပြထားသည့် ဖုန်းဆက်ဖြင့်  ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိ၍  မေးမြန်းနိုင်ခြင်းမရှိခဲ့ပါ။