ညောင်ရွှေအကျဉ်းထောင်အတွင်း ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရပြီး Covid-19 ကူးစက်ခံရမှုကြောင့် သေဆုံးသူ (၃)ဦး ရှိလာ

ညောင်ရွှေအကျဉ်းထောင်အတွင်း ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရပြီး Covid-19 ကူးစက်ခံရမှုကြောင့် သေဆုံးသူ (၃)ဦး ရှိလာ
သြဂုတ် 30, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း  ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)တွင် ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသည့် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ကိုမျိုးမင်းသန့် (ခ) သားငယ်သည်   ဩဂုတ်လ (၂၉) ရက်က သေဆုံးသွား၍ အကျဉ်းထောင်အတွင်းမှ သေဆုံးသူ (၃)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ၂၀၂၁ခုနှစ် မတ်လ (၂၇)ရက်က  ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ခံထားရသည့် ကိုမျိုးမင်းသန့် (ခ) သားငယ်သည်  ညောင်ရွှေအကျဉ်းထောင်မှ တဆင့် စဝ်စံထွန်းဆေးရုံ၌ ဩဂုတ်လ၏ နောက်ဆုံးအပတ်တွင်း ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ 



 

ဆေးရုံတွင် သေဆုံးသွားသူ၏  မိသားစုဝင်များနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ COVID-19 ဖြင့် သေဆုံးသည်ဟု သိရသော်လည်း အတည်ပြုချက် ရရှိရေးအတွက် အကျဉ်းဦးစီးဌာနနှင့် စဝ်စံထွန်းဆေးရုံသို့ ဆက်သွယ်မေးမြန်းရာတွင်မူ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိကြောင်း ကမ္ဘောဇတိုင်းသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

 



Covid-19 တတိယလှိုင်းကာလအတွင်း ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)အတွင်းမှ ဖမ်းဆီးခံရပြီး Covid-19 ဖြင့် သေဆုံးသွားသူများမှာ ဩဂုတ်လ(၂၂)ရက်နေ့က  မူလတန်းပြဆရာ ဦးစိုးလွင်လွင်၊ ဩဂုတ်လ(၂၇)ရက်နေ့က ဆီဆိုင်မြို့နယ် NLD ပါတီဝင် ခွန်ဗွာထိုသွေး နှင့် ဩဂုတ်လ(၂၉)ရက်နေ့က ကိုမျိုးမင်းသန့် (ခ) သားငယ်တို့ ဖြစ်ကြသည်။

အကျဉ်းထောင်များအတွင်း Covid-19 ကူးစက်ခံရပြီးနောက် ဖျားနာမှုများ ဖြစ်သည့်အခါ အကိုက်အခဲပျောက်ဆေးသာပေးပြီး ရောဂါအခြေအနေ ဆိုးရွားလာမှသာ ဆေးရုံသို့ ပို့ဆောင်ပေးသည်ဟု ဒေသခံများက ဆိုကြသည်။ 

ဆက်စပ်သတင်း

  1. ညောင်‌ရွှေအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာတစ်ဦး ကွယ်လွန်
  2. ညောင်ရွှေအကျဉ်းထောင်တွင်  NLD ပါတီဝင်တစ်ဦး Covid-19 ကူးစက်ခံရပြီး သေဆုံး
  3.  ညောင်ရွှေအကျဉ်းထောင်အတွင်း ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရပြီး Covid-19 ကူးစက်ခံရမှုကြောင့် သေဆုံးသူ (၃)ဦး ရှိလာ