ညောင်ရွှေအကျဉ်းထောင်တွင်  NLD ပါတီဝင်တစ်ဦး Covid-19 ကူးစက်ခံရပြီး သေဆုံး

ညောင်ရွှေအကျဉ်းထောင်တွင်  NLD ပါတီဝင်တစ်ဦး Covid-19 ကူးစက်ခံရပြီး သေဆုံး
သြဂုတ် 27, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)   ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဆီဆိုင်မြို့နယ် NLD ပါတီဝင်တစ်ဦး Covid-19 ကူးစက်ခံထားရပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့ ညနေပိုင်းက သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဆီဆိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပါတီဝင် ခွန်ဗွာထိုသွေးဖြစ်ပြီး  ၎င်းသည် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ညနေပိုင်းကတည်းက ဖမ်းဆီးခံရသူဖြစ်ကာ ထောင်တွင်း Covid-19 ကူးစက်ခံရပြီးနောက် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် ဩဂုတ်လ(၂၆)ရက်နေ့ကစ၍ ဆေးကုသမှု ခံယူနေစဉ် ယနေ့တွင် ကွယ်လွန်သွားခြင်း ဖြစ်‌ကြောင်း ကမ္ဘောဇတိုင်းသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

 

ထို့အတူ ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)အတွင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် သိမ်ကုန်းကျေးရွာမှ အသက်(၂၆)နှစ်အရွယ်ရှိ မူလတန်းပြဆရာတစ်ဦးဖြစ်သူ  ဦးစိုးလွင်လွင်သည်လည်း  ဩဂုတ်လ(၂၂)ရက်နေ့က  COVID-19 ဖြင့်  ကွယ်လွန်သွားခဲ့ရကြောင်း သိရသည်။

ညောင်ရွှေအကျဉ်းထောင်အတွင်း၌ Covid-19 ပျံ့နှံ့ကူးစက်နေမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများက  ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ယနေ့အထိ Covid-19 ကြောင့် သေဆုံးသူ (၂)ဦးရှိကြောင်း စုံစမ်းသိရှိရပြီး ထောင်ထဲတွင်  Covid-19 ကူးစက်ခံထားရသူ မည်မျှရှိသည်ကိုတော့ မသိနိုင်၍ ဖမ်းဆီးခံ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြကြောင်းလည်း သိရသည်။

ညောင်ရွှေထောင်မှာ Covid-19 ကူးစက်မှုတွေရှိနေတယ်လို့  ကြားရတယ်  ခက်တာက အတိအကျ မသိရဘူး။ အထဲမှာ ဘယ်လိုတွေ လုပ်နေလဲ။ ဘယ်သူတွေက ကိုဗစ် ကူးခံနေရလဲဆိုတာလည်း မသိဘူး။ တောင်ကြီးက ဖမ်းခံရတဲ့ လူငယ်တွေလဲ အဲ့အထဲမှာပဲ။ သူတို့အတွက် စိုးရိမ်တယ်။

ဟု တောင်ကြီးဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

နိုင်ငံအတွင်းရှိ ရဲစခန်းနှင့် အချုပ်ထောင်များ၊ အကျဉ်းထောင်များအသီးသီးတွင် Covid-19 ကူးစက်မှုများရှိနေသော်လည်း  တာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားခြင်း မရှိပေ။

ဆက်စပ်သတင်း

ညောင်‌ရွှေအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာတစ်ဦး ကွယ်လွန်