ဆီဆိုင်မြို့ကို PNLO အလံလွှင့်ထူ၊ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အများအပြားပျက်စီး

ဆီဆိုင်မြို့ကို PNLO အလံလွှင့်ထူ၊ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အများအပြားပျက်စီး
ဇန်နဝါရီ 28, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို ထိန်းချုပ်၍ PNLO အလံလွှင့်ထူထားပြီဖြစ်ပြီး စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးသွားကြောင်း PNLOက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီး ပအိုဝ်းအမျိုးသားအလံတော်ကိုလည်း စတင်လွှင့်ထူထားပြီဟု ဆိုသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်နှင့် PNOတို့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဆီဆိုင်မြို့နှင့် ပအိုဝ်းကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ တစ်နေကုန် ပြုလုပ်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်ခြင်းကြောင့် ကောင်ႏမူႏဗွာရွာဘုန်းတော်ကြီးကျောင်း၊ သဆီဆိုင်မြို့လယ် အရိယာမဂ္ဂင်ဓမ္မာရုံ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦးအချို့နှင့် ဒေသခံများ၏ နေအိမ်အများအပြား ပျက်စီးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တည်ငြိမ်နေသည့် ဆိုက်ခေါင်မြို့တွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီးများ တပ်ဆင်ပြီး ဆီဆိုင်မြို့နှင့် ပအိုဝ်းကျေးရွာများကို ပစ်ခတ်တိုက်ခတ်မှု ပြုလုပ်ခဲ့သဖြင့် ဆိုက်ခေါင်မြို့ရှိ ပြည်သူအများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီသည် ပအိုဝ်းမြို့၊ ပအိုဝ်းကျေးရွာများအား အကာအကွယ်ယူပြီး ပအိုဝ်းမြို့၊ ပအိုဝ်းကျေးရွာများကို ပြန်လည်ပစ်ခတ်ဖျက်ဆီးခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းရပ်တည်ကြရန်လည်း PNLAက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : PNLA News & Info