Covid-19 ကာလအတွင်း တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ ခိုးဝင်လာသူများနှင့် သတင်းမပေးဘဲ လက်ခံထားသူများအပြင် အရေးယူရန် ပျက်ကွက်သူများကိုပါ အရေးယူမည်

Covid-19 ကာလအတွင်း တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ ခိုးဝင်လာသူများနှင့် သတင်းမပေးဘဲ လက်ခံထားသူများအပြင် အရေးယူရန် ပျက်ကွက်သူများကိုပါ အရေးယူမည်
ဇွန် 16, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ ခိုးဝင်လာသူများနှင့် သတင်းမပေးဘဲ လက်ခံထားသူများအပြင် အရေးယူရန် ပျက်ကွက်သူများကိုပါ အရေးယူမည်

မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်တွင် နယ်စပ်ချောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်မှုများကို သိရှိပါက သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့များသို့ ဆက်သွယ်အကြောင်းကြားပေးရမည်ဖြစ်ပြီး အကြောင်းမကြားဘဲ လက်ခံထားသူများနှင့် အရေးယူရန် ပျက်ကွက်သည့် ဌာနဆိုင်ရာများ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

“နောက်ဆုံး ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာ ခိုးဝင်လာသူကို သတင်းမပို့ဘဲ လက်ခံထားရင် အရေးယူရမယ်လို့ ပါပါတယ်။ သိရဲ့နဲ့ အရေးမယူတဲ့ ဌာနဆိုင်ရာတွေလည်း အရေးယူခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပေးဖို့၊ နောက်တစ်ခုက သက်ဆိုင်ရာ ဌာနဆိုင်ရာ၊ အုပ်ချုပ်ရေးမှူးတွေကိုလည်း ဒါလေးတွေ အသိပေးထားပြီးဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

တာချီလိတ်နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ကြားရှိ မယ်ဆိုင်ချောင်းကိုဖြတ်၍ နှစ်နိုင်ငံခိုးဝင် ကူးသန်းသွားလာသူများကြောင့် ဒေသတွင်း COVID 19 ကူးစက်ပျံ့ပွားခြင်းမရှိစေရန် နှစ်နိုင်ငံလုံးက ဆောင်ရွက်နေကြခြင်းဖြစ်ရာ ချောင်းဘေးတစ်လျှောက် နေထိုင်သူများအနေဖြင့် ဒေသတွင်းရောဂါမပျံ့ပွားရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ချောင်းအနေအထားက ချောင်းတစ်လျှောက်လုံးဆိုတော့ အကျယ်ကြီးပဲဗျ။ ကျွန်တော်တို့ လွယ်တော်ခမ်းကနေ ဟိုး မိုင်းဖုန်း (က)အထိ ရွှေတြိဂံနယ်မြေအထိ ချောင်းတစ်လျှောက်လုံးရှိနေတာပါ။ ချောင်းအနေအထားက ကျယ်ပြန့်တော့ ချောင်းတစ်လျှောက်တော့ မိုင်ပေါင်းများတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဝန်ထမ်းအင်အားနဲ့ မလုံလောက်ဘူး။ ဒီတော့ အဓိက ဖြတ်သန်းသွားလာနိုင်တဲ့ ဝင်ပေါက်နေရာ (၇) နေရာလောက်တော့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ရယ်၊ ရပ်ကျေးအဖွဲ့ရယ်၊ ပြည်သူ့စစ်တွေပါ ပါဝင်ဆောင်ရွက်ထားတာတော့ရှိပါတယ်။ ခိုးဝင်လာတာတွေ့ရင် အဓိကကတော့ သတင်းပေးပို့ဖို့ပါ။ ပြည်သူတွေ မပါဝင်ဘဲနဲ့လည်း ကျွန်တော်တို့ မအောင်မြင်နိုင်ဘူးပေါ့

 ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

ရောဂါကုသဆေးနှင့် ကာကွယ်ဆေးမရှိသေးသည့်အတွက် နိုင်ငံအသီးသီးတွင် COVID 19 ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရေး နိုင်ငံတွင်း ဝင်ပေါက်များကို ပိတ်၍ဆောင်ရွက်နေကြခြင်းဖြစ်ရာ ထိုင်းနိုင်ငံကလည်း မယ်ဆိုင်ချောင်းကို ဖြတ်ကူးလာသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးအရေးယူပြန်ပို့ခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ကျွန်တော်က ဆန်ဆိုင်းဘက်ကနေ ချောင်းကူးသွားတာ။ ဟိုဘက်ကမ်းရောက်တော့ အဖမ်းခံရတယ်။ ဟိုဘက်မှာ အမေရှိလို့ သွားတာ။ အဖမ်းခံရပြီး အချုပ်ထဲ (၁၂)ရက်နေပြီး ဒီဘက်ပြန်ပို့လာတာ

ဟု မယ်ဆိုင်ဘက်တွင် ဖမ်းဆီးခံရပြီး တာချီလိတ်ဘက်သို့ ဇွန်လအတွင်း ပြစ်ဒဏ်စေ့ ပြန်လွှဲခံရသည့် လူငယ်တစ်ဦးက ပြောသည်။

မြန်မာ-ထိုင်း နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းမှ တရားမဝင်ဖြတ်သန်းဝင်ရောက်မှုမရှိစေရေးအတွက်  တာချီလိတ်ဘက်ခြမ်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့ ပူးပေါင်းပြီး စောင့်ကြပ်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~