တာချီလိတ်စည်ပင်ရုံးအတွင်း ဗုံးပေါက်ကွဲမှုတွင် ဗုံး(၂)လုံးပစ်ခံရပြီး (၁)လုံးသာကွဲကာ အမှုဆောင်အရာရှိရုံးခန်း၏ မှန်များ ထိမှန် 

တာချီလိတ်စည်ပင်ရုံးအတွင်း ဗုံးပေါက်ကွဲမှုတွင် ဗုံး(၂)လုံးပစ်ခံရပြီး (၁)လုံးသာကွဲကာ အမှုဆောင်အရာရှိရုံးခန်း၏ မှန်များ ထိမှန် 
သြဂုတ် 28, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတား အနီးနှင့် ရဲတပ်ဖွဲ့ ရုံး(၃)ရုံးအနီးရှိ မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဗုံး(၂)လုံး ပစ်ခွဲခံရသည်အနက် တစ်လုံးမှာ မကွဲဘဲ ကျန်ရှိပြီး ကွဲသည့် တစ်လုံးကြောင့် အမှုဆောင်အရာရှိ၏ ရုံးခန်းမှန်များ ကွဲသွားကြောင်း သိရသည်။

"ရုံးအောက်ထပ် အစည်းအဝေး(အမှုဆောင်အရာရှိ၏ ရုံးခန်း)အခန်း အပေါက်မှန်နဲ့ ပြူတင်းပေါက်မှန်တွေကွဲကုန်တယ်။ တစ်လုံးက မကွဲဘူး ပန်းအိုးကြားညပ်နေတာ"ဟု ညပိုင်းက သွားရောက်စစ်ဆေးခဲ့သည့်အဖွဲ့မှ အမည်မဖော်လိုသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၂၈)ရက်နေ့တွင် ပြောသည်။

၂၀၂၁ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီး မကြာမီအချိန်တွင် စစ်တပ် နှင့် ရဲတို့ ရောက်ရှိလာပြီး တံတား(၂)လမ်းဆုံမီးပွိုင့်ရှိ CCTV အားစစ်ဆေးကာ ဗုံးခွဲသူ စီးလာသည့် ဆိုင်ကယ်အား ကြည့်ပြီး လိုက်လံ ရှာဖွေရာမှ  ရန်အောင်မြေရပ်ကွက် ပါလျှံ(၁)အတွင်း လူငယ်တစ်ဦး ဆိုင်ကယ်စီးလာသည်ကို တွေ့ရ၍ အဆိုပါ ဆိုင်ကယ်နှင့်တူသည်ဟု ဆိုကာ လိုက်လံဖမ်းဆီးမှုကြောင့်  လူငယ်တစ်ဦး ဖမ်းဆီးစစ်ဆေး ခံရကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စည်ပင်ရုံးရှေ့ဟုသာ သိထားရသော်လည်း တကယ်တမ်းတွင်မှု ရုံးတွင်း ဗုံးကွဲခြင်း ဖြစ်ကြောင်း နောက်ဆုံးသတင်းအရ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ စည်ပင်ရုံးသည် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊  မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ရုံး နှင့် ယာဉ်ထိန်းရဲရုံးတို့နှင့် နီးသည့်နေရာတွင် တည်ရှိသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းခံရပြီး ၂၀၂၁ခုနှစ် ဇွန်လအထိ ဗုံးခွဲမှု၊ ပစ်ခတ်မှုများရှိခဲ့ပြီး ဇူလိုင်လ၏ (၁)လလုံးနှင့် ဩဂုတ်လကုန်ခါနီးအထိ ငြိမ်သက်ခဲ့ရာမှ ဩဂုတ်လ(၂၇)ရက်နေ့ ညပိုင်းကစ၍ ဗုံးခွဲမှု ပြန်လည် စတင်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စက်သတင်း