တာချီလိတ်မြို့တွင်  စခန်းအခြေပြု မူးယစ်ဆေးဖြတ်သင်တန်း ဖေဖော်ဝါရီလ(၈)ရက်နေ့ ဖွင့်လှစ်မည်

တာချီလိတ်မြို့တွင်  စခန်းအခြေပြု မူးယစ်ဆေးဖြတ်သင်တန်း ဖေဖော်ဝါရီလ(၈)ရက်နေ့ ဖွင့်လှစ်မည်
ဇန်နဝါရီ 31, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနက ပထမဆုံးအကြိမ် စခန်းအခြေပြု မူးယစ်ဆေးဖြတ်သင်တန်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့မှစ၍ ဖွင့်လှစ်မည်ဖြစ်၍ သင်တန်းတက်လိုသည့် အမျိုးသားများ စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။



သင်တန်းကာလက (၂) လကြာပါမယ်။ နေထိုင်စားသောက်စရိတ်ကို ကျွန်တော်တို့ ဦးစီးဌာနက ဘတ်ဂျက်နဲ့ စီစဉ်ပေးမှာဖြစ်ပါတယ်။ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုတော့ ကိုယ့်ဘာသာ ယူလာဖို့ လိုပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာဖို့ စနစ်တကျ ကုသပေးသွားမှာဖြစ်ပါတယ်။ နောက် သူတို့တတွေ အပြင်မှာ အသက်မွေးဝမ်းကျောင်းအတွက် ဘလောက်အုတ်ရိုက်တာတို့၊ ဆိုင်ကယ်ပြင်တာ၊ ဆပ်ပြာ၊ခေါင်းလျှော်ရည်ထုတ်တာမျိုးတွေ သင်ပေးသွားမှာပါ

ဟု တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ (ဦးစီးအရာရှိ) ဦးထန်းကီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာချီလိတ်မြို့ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် ပထမဆုံးအကြိမ် စခန်းအခြေပြု မူးယစ်ဆေးဖြတ် သင်တန်းအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့မှစတင်ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသား (၂၀) ဦးကို လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။



သင်တန်း (၂) လကာလပြီးသွားပါက သင်တန်းပေးထားသည့် မူးယစ်ကြီးကြပ်များဖြင့် (၁) နှစ်တာ ကာလအတွင်း ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။



သင်တန်းတက်ရောက်လိုသူများအနေဖြင့် ကူးစက်ရောဂါများဖြစ်သည့် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ HIV ၊ COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်နှင့်အတူ မိသားစုဝင် ကိုယ်တိုင် လာရောက်အပ်နှံကြရမည်ဖြစ်ပြီး သင်တန်းဆင်းပါက မိသားစုထံ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း သိရသည်။



သင်တန်းတက်ရောက်လိုသူများအနေဖြင့် တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်း ဖုန်း ၀၉ ၂၆၀၄၉၈၂၅၆၊ ၀၉ ၄၀၃၇၃၈၀၇၂ တို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။