တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ဗုံးခွဲကာ ကျည်အတွဲလိုက် ပစ်ခတ် ခံရမှုကြောင့် ရဲတပ်ကြပ်ကြီး တစ်ဦး သေဆုံး 

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ဗုံးခွဲကာ ကျည်အတွဲလိုက် ပစ်ခတ် ခံရမှုကြောင့် ရဲတပ်ကြပ်ကြီး တစ်ဦး သေဆုံး 
ဇွန် 9, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၇)နာရီခွဲကျော်အချိန်က ပေါက်ကွဲမှုနှင့်အတူ ကျည်အတွဲလိုက် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ကြပ်ကြီးတစ်ဦး ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်တွင် ထိမှန်သွားသူမှာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကင်းကျနေသူဟု သိရပြီး အသက် (၅၅)နှစ်ကျော်အရွယ်ရှိ ရဲတပ်ကြပ်ကြီးကျော်စွာအောင် ဖြစ်ကြောင်းနှင့် ၎င်းအား ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေချိန်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ညဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့က မြို့တွင်းလမ်းပေါ်တွင် စစ်ဆေးမှုများ နှင့် ကင်းလှည့်မှုများ ပြုလုပ်သလို အရေးပေါ်အစည်းအဝေးလည်း ပြုလုပ်ခဲ့ကြောင်း နှင့် ညပိုင်းတွင် ရဲတပ်ဖွဲ့မှ ကျည်ကာများ ဝတ်ဆင်ကာ တစ်ဦးလျှင် လက်နက်(၂)လက်စီဖြင့် မြို့တွင်းလမ်းပေါ်တွင် စောင့်ကြည့်နေလျက်ရှိကြောင်း သိရသည်။